Pages

Tuesday, September 4, 2018

မန္တလေးအဆင့်မြင့် ဈေးချိုတော်အနီး ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေး စီမံချက်ဖြင့် ဆောင်ရွက်မည်



မန္တလေး ၄-၉-၂ဝ၁၈

မန္တလေးမြို့ ၈၅လမ်း၊ ၂၈လမ်းနှင့်လမ်း ၃ဝကြား ယာဉ်ကြောပိတ်ဆို့မှု မရှိစေရေး ယခုလအတွင်း စီမံချက်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဇောအောင်ကပြောပြ၍ သိရသည်။

မန္တလေးမြို့တွင် ယခုလက်ရှိ ဈေးကြီးများထဲတွင် ဈေးချိုတော်ကြီးသည် စားသောက်ကုန်၊ လူသုံးကုန်များအပြင် အသားငါး၊ အဝတ်အထည်များကို မြို့တွင်းဈေးများသို့ တစ်ဆင့်ပြန်လည် ဖြန့်ဖြူးရောင်းချ နေသည့် ကုန်စည်စီးဆင်းရာ အဓိကကျသော ဈေးကြီးဖြစ်ပြီး ၎င်းဈေးချိုတော်ကြီး အနောက်ဘက် ၈၅ လမ်းတစ်လျှောက် ၂၈လမ်းမှ လမ်း ၃ဝ ထိ ယခင်ကတည်းက ယာဉ်ကြောများ ပိတ်ဆို့ရှုပ်ထွေးကာ ကားများ၊ ဆိုင်ကယ်များပင် သွားလာ၍ ခက်ခဲ နေခြင်းကြောင့် ၎င်းယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်နေသည့် လမ်းပိုင်းကို ယာဉ်စီးဆင်းမှုပိုမို မြန်ဆန်ရေးအတွက် ယခုလအတွင်း စီမံချက်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

"အခုဈေးချိုတော်ရဲ့ နောက်လမ်းက တော်တော်လေး ဆိုးပါတယ်။ ဈေးဆိုင်တွေကလဲ အဝတ်အထည်တွေ၊ စားသောက်ကုန်တွေကို ကုန်တင်ကုန်ချ လုပ်တဲ့အခါ လမ်းပေါ်တွေထိ အတင်အချလုပ်တာ တွေရှိတယ်။ဒါတွေကို စီမံချက်နဲ့စလုပ်တော့မှာပါ။ အခုယာဉ်တစ်စီးတည်း သွားလို့ရပေမယ့် နောက်ပိုင်းမှာ ယာဉ်နှစ်စီးသွားလို့ ရအောင်လုပ် ဆောင်သွားမှာပါ"ဟု ၎င်းက ပြောပြသည်။

အလားတူ မန္တလေးဈေးချိုတော် အနောက်ဘက်ကပ်လျက် ၈၅လမ်း၊၂၈လမ်းနှင့် လမ်း၃ဝကြားတွင် ယခုလက်ရှိတွင် ထော်လာဂျီ၊ လက်တွန်းလှည်းနှင့် ဆိုက်တွဲစသည့် အနှေးယာဉ်များ ဝင်ရောက်သွားလာ နေခြင်းကြောင့် ၎င်းလမ်းပိုင်းမှာ မော်တော်ယာဉ်များ သွားလာရာတွင် ယာဉ်ကြောပိတ်ဆို့ရှုပ်ထွေးကာ သွားလာရခက်ခဲမှုများ ဖြစ်ပေါ်နေခြင်းကြောင့် အနှေးယာဉ်များဖြစ်သည့် ထော်လာဂျီ စသည့်ယာဉ်များကို ၎င်းလမ်းပိုင်းတွင် ဖြတ်သန်းသွားလာမှုမရှိစေရေးအတွက် ယခုလအတွင်း စီမံချက်ဖြင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ အဆိုပါလမ်းကို ယာဉ်နှစ်စီးစာ သွားလာနိုင်ရေး မျဉ်းများရေးဆွဲထားပြီး ၎င်းလမ်းပိုင်းအတွင်း အနှေးယာဉ်များ ဝင်ရောက်သွား လာမှု မရှိစေရေးအတွက် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဈေးနှင့် သားသတ်ဌာန၊ အခွန်ဌာန၊ ဈေးအကျိုးတော် ဆောင်အဖွဲ့နှင့် စည်ပင်သာယာရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ စီမံချက်ဖြင့် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ၈၅လမ်း၊ ၂၈လမ်းနှင့် လမ်း၃ဝကြားအပါအဝင် ယခုလက်ရှိ ယာဉ်ကြောပိတ်ဆို့နေသည့် ၃၁လမ်း၊ ၃၂လမ်းတစ်လျှောက်ကိုပါ နောက်ပိုင်းတွင် တိုးချဲ့လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment