Pages

Thursday, September 6, 2018

ပြည်မြို့တွင် မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ



ပြည် ၆-၉-၂ဝ၁၈

ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင် နေအိမ်တစ်လုံးမှ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ပဲခူးတိုင်းဒေသကြီး မူးယစ်အထူး အဖွဲ့ငယ်မှ ဒုတိယရဲအုပ် အောင်နိုင်ဝင်း ဦးဆောင်သည့် အဖွဲ့နှင့်သက်ဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၄ရက် မွန်းလွဲ၁၂နာရီ မိနစ်၃ဝခန့်က ပြည်မြို့နဝင်းနယ်မြေ ရွှေလက်လှရပ်ကွက် ပြည်လုံးချမ်းသာ ဘုရားလမ်း နေဖုန်းမြင့်ကျော် (ခ)ဖိုးသား (ခ) ကြက်ရိုး၏ နေအိမ်တွင် မူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းချ နေကြောင်းသတင်းအရ သက်သေများနှင့်အတူ အဆိုပါအိမ်ကို ဝင်ရောက်ရှာဖွေခဲ့သည်။

ထိုသို့ရှာဖွေရာ ဖုန်းမြင့်ကျော်(ခ) ဖိုးသား (ခ) ကြက်ရိုး၏ နေအိမ်၌ ၎င်းနှင့်အတူ သူငယ်ချင်းဖြစ်သူ ပြည်မြို့ ရွာဘဲနယ်မြေ စက်မှုဇုန်လမ်းနေ ကျော်ဇင်မင်းကို ကို တွေ့ရှိခဲ့ပြီး နေအိမ်အတွင်းသို့ ဆက်လက် ရှာဖွေရာနေအိမ် အတွင်းခန်းမှ WY စာတန်းပါ ပန်းရောင်စိတ်ကြွ ဆေးပြား ၂ဝဝ၊ WY စာတန်းပါ အစိမ်းရောင်စိတ်ကြွ ဆေးပြားနှစ်ပြား၊ အလေးချိန် ၄၃ ဒသမ ၇ ဂရမ်ရှိ ပလတ်စတစ်အိတ် အထုပ်ငယ်ဖြင့် ထုပ်ထားသော ဆေးခြောက်ခုနစ်ထုပ်၊ ခဲပတ်လိပ်နှစ်ခု၊ အနက်ရောင် တိပ်ပတ်လျက် စိတ်ကြွဆေးပြား ထည့်ရာတွင် အသုံးပြုသည့် ပလတ်စတစ် အပြာနုရောင် ဘူးသေးတစ်ဘူး၊ အနက်ရောင် တိပ်ပတ်လျက် စိတ်ကြွဆေးပြား ထည့်ရာတွင် အသုံးပြုသည့် ပလတ်စတစ် အဖြူရောင် ဘူးသေးတစ်ဘူး၊ မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသည့် ပလတ်စတစ်ပိုက် ရောင်စုံ၁ဝချောင်း၊ မူးယစ်ဆေးဝါးသုံးစွဲရန် ပိုက်တပ်ဆင်ထားပြီး အချိုရည်အနည်းငယ်ပါ အချိုရည်တစ်ဘူး၊ ဆေးခြောက်နှင့် မူးယစ်ဆေးဝါး ချိန်တွယ်ရာ တွင်အသုံးပြုသည့် သမာဓိစာတန်းပါ ဒစ်ဂျစ်တယ် ကတ္တားအသေးတစ်ခု၊ ငွေစက္ကူ ရောရာငွေကျပ် ၁၇ဝဝဝ၊ အနက်ရောင်လွယ်အိတ် အသေးတစ်လုံး၊ ဖူးမတ်စာတန်းပါ စာရင်းစာအုပ် အသေးတစ်အုပ်၊ ဆိုင်ကယ်တစ်စီးတို့ကို သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဖုန်းမြင့်ကျော် (ခ)ဖိုးသား (ခ) ကြက်ရိုး၊ ကျော်ဇင်မင်းတို့ကို ပြည်မြို့ အမှတ် (၂) နယ်မြေရဲစခန်းက မယ(ပ)၄/၂ဝ၁၈၊မူး/စိတ်ပုဒ်မ-၁၉(က)/၂၁ဖြင့် အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ 

No comments:

Post a Comment