Pages

Thursday, September 6, 2018

ကျောက်မဲမြို့၌ မန္တလေးသို့သွားမည့် ယာဉ်ပေါ်မှ မိုင်းဖောက်ခွဲရာတွင် အသုံးပြုသည့်ပစ္စည်းများ ဖမ်းဆီးရမိ



ကျောက်မဲ ၆-၉-၂ဝ၁၈

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့ရှိ တိုးဂိတ်အနီး စက်တင်ဘာ ၄ရက် ညပိုင်းက လားရှိုးဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာသော ခြောက်ဘီးကုန် တင်ယာဉ်ပေါ်မှ မိုင်းဖောက် ခွဲရာတွင် အသုံးပြုသည့် ဒီတိုနေတာများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကျောက်မဲ (စရဖ) တပ်ဖွဲ့၊ကျောက်မဲမြို့မရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့တို့သည် ကျောက်မဲ Oriental တိုးဂိတ်အနီး မန္တလေးဘက်သို့ ယာဉ်မောင်း ဇော်မြင့်သိန်း မောင်းနှင်လာသော ကန်တာခြောက်ဘီး ကုန်တင်ယာဉ်ကို စစ်ဆေးရာမှ သံတိုသံစ ထည့်ထားသော အိတ်များနှင့် ဖုံးအုပ်သယ်ဆောင်လာသော ဒီတိုနေတာများကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

"လုံခြုံရေး၊ မှုခင်းကျဆင်းရေး ဆောင်ရွက်နေချိန်မှာ သတင်းအရ အဲဒီခြောက်ဘီးကား ကိုရပ်တန့်ပြီးတော့ စစ်ဆေးတဲ့အခါမှာ သံတိုသံစ ထည့်ထားတဲ့ အိတ်တွေနဲ့ဖုံးပြီး တော့မှဒီတိုနေတာတွေကို အောက်ကတင်လာတာ ကိုဖမ်းမိတာပါ"ဟု ကျောက်မဲမြို့မရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောပြသည်။

အဆိုပါ ယာဉ်ပေါ်မှ ဒီတိုနေတာ အရောင်မျိုးစုံစုစုပေါင်း ၁၆၄၅ဝဝ ချောင်းတွေ့ရှိရပြီး တရားမဝင် သယ်ဆောင်လာသူ စစ်ကိုင်းတိုင်း ဒေသကြီး ဘုတလင်မြို့နယ် ကင်းဆိုင်ကျေးရွာနေ ယာဉ်မောင်း ဇော်မြင့်သိန်းနှင့် လားရှိုးမြို့၊ ရပ်ကွက်(၄)၊ နယ်မြေ(၁၆)နေ ယာဉ်နောက်လိုက် မြင့်ဇော်ဦးတို့ နှစ်ဦးကို ကျောက်မဲမြို့မရဲစခန်းက (ပ) ၃၅၇/၂ဝ၁၈၊ ၁၉၇၄ ခုနှစ် ရှမ်းပြည်နယ်လက်နက်အမိန့်-၁၂အရ အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ 

No comments:

Post a Comment