Pages

Tuesday, September 4, 2018

လက်ရှိအစိုးရလုပ်ရပ်ကို ကန့်ကွက်ကြောင်း သိတ်စခန်းဖွင့်လှစ်ခဲ့သောကြောင့် အကျဉ်းကျနေသော သံဃာတော်များ ပြန်လည်လွတ်မြောက်



မန္တလေး ၄-၉-၂ဝ၁၈

၂ဝ၁၇ ခုနှစ်က လက်ရှိအစိုးရ၏ လုပ်ရပ်ကို ကန့်ကွက်ကြောင်း သပိတ်စခန်းဖွင့်လှစ်ကာ ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြ သောကြောင့် နိုင်ငံတော် အကြည်ညို ပျက်စေမှုပုဒ်မ-၅ဝ၅(ခ) ဖြင့် မန္တလေးအိုးဘို အကျဉ်းထောင်တွင် အကျဉ်းကျခံနေရသော သံဃာတော်ခြောက်ပါး ယနေ့ နံနက်ပိုင်းက ပြန်လည်လွတ်မြောက် လာကြောင်းအဆိုပါ သံဃာတော်များထံမှ သိရသည်။

အကျဉ်းထောင်မှ လွတ်မြောက်လာပြီးသည့် နောက်တွင်လည်း လူမျိုး၊ဘာသာ၊ သာသနာ မပျောက်ပျက်ရေးအတွက် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အဆိုပါ သံဃာတော်များက မြွက်ကြားသည်။

"ဦးပဉ္စင်းတို့ကတော့ ကိုယ့်အမျိုးဘာသာ မပျောက်ပျက်အောင် ကာကွယ်စောင့်ရှောက် သွားပါမယ်"ဟု တောင်သာလေးဆရာတော် ဘဒ္ဒန္တ အဂ္ဂဓဇက မြွက်ကြားသည်။

သပိတ်စခန်းကို ၂ဝ၁၇ခုနှစ်သြဂုတ် ၂ရက်က မန္တလေးမြို့ ၈၄ လမ်းရှိ သာသနာ ၂၅ဝဝဗိမာန်တော်၌ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သံဃာတော်များ သပိတ်စခန်းဖွင့်လှစ်ခြင်းမှာ ဝိနည်းနှင့်မလျော်ညီခြင်း၊ သာသနိက အဆောက်အအုံ နေရာဖြစ်နေခြင်း စသည့်အချက်များနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် သံဃနာယကအဖွဲ့က သပိတ်စခန်း ဖယ်ရှားရန် အသိပေးခဲ့ပြီး သည့်နောက် သြဂုတ် ၅ရက်တွင် သပိတ်စခန်းကိုဖယ်ရှားခဲ့ကာ မန္တလေးခရိုင်သာသနာ ရေးဦးစီးမှူးက တရားလိုပြုလုပ် တရားစွဲဆိုခဲ့၍ ၂ဝ၁၇ခုနှစ် ဒီဇင်ဘာ ၂၇ရက်တွင် ချမ်းမြသာစည် မြို့နယ်တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ်ခွဲ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကျဉ်းထောင်မှ လွတ်မြောက်လာသည့် သံဃာတော်များ အနေဖြင့် သပိတ်စခန်း ဖွင့်လှစ်စဉ်က ပါဝင်ခဲ့သဖြင့် ဖမ်းဝရမ်းထုတ်ပြန်ထားသော သံဃာတော် နှစ်ပါးနှင့် လူပုဂ္ဂိုလ် လေးဦးကို ဖမ်းဝရမ်းပယ်ဖျက်ပေးရေး ဆက်လက်တောင်းဆိုမည်ဟုလည်း သိရသည်။

သပိတ်စခန်း ဖွင့်လှစ်မှုကြောင့် ဖမ်းဆီးခံခဲ့ရသည့် ဦးကျော်မျိုးရွှေကို ယခုနှစ် ဇူလိုင် ၂၅ရက်က ချမ်းမြသာစည် တရားရုံးမှ ထောင်ဒဏ်တစ်နှစ်ခွဲ ချမှတ်ထားပြီး ဖြစ်သည်။

လွတ်မြောက်လာသည့် သံဃာတော် ခြောက်ပါးကို မစိုးရိမ်တိုက်သစ်ရှိ ဆရာတော် ဦးဝီရသူ၏ ကျောင်းတိုက်တွင် အမျိုးသားရေး တက်ကြွလှုပ်ရှားသည့် သံဃာတော်များနှင့် လူပုဂ္ဂိုလ်များက ကြိုဆိုပွဲပြုလုပ်ကာ ကြိုဆိုခဲ့ကြကြောင်း သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment