Pages

Monday, September 24, 2018

အမှတ် (၅၇) အဆန်ရထားပေါ်မှ ရွှေထည်ရတနာပစ္စည်းနှင့် ငွေကျပ် ၁၄၀၀၀၀ ခိုးယူသူကိုဖမ်းဆီးရမိ



မော်လူး ၂၄-၉-၂ဝ၁၈

စစ်ကိုင်းတိုင်း ဒေသကြီး အင်းတော်မြို့နယ် မော်လူးရဲစခန်း ပိုင်နယ်မြေတွင် မန္တလေး-မြစ်ကြီးနား အမှတ်(၅၇) အဆန်ရထားပေါ်မှ ရွှေထည်လက်ဝတ် ရတနာပစ္စည်းများနှင့် ငွေကျပ် ၁၄ဝဝဝဝ ခိုးယူသူကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ခင်ဦးဘူတာမှ မြစ်ကြီးနားသို့ အမှတ်(၅၇)အဆန် မန္တလေး-မြစ်ကြီးနားရထားဖြင့် စက်တင်ဘာ ၂၂ရက် မွန်းလွဲ ၁၂နာရီမိနစ်၃ဝက အထက်တန်းတွဲ(၁) B7-C7 မှစီးနင်း လိုက်ပါလာသော မဖြိုးနန္ဒာ၏ ဘေးလွယ်အိတ်အထဲရှိ ကချင်ပိုက်ဆံအိတ်အတွင်းမှ ဆွဲကြိုးတစ်ကျပ်သား တစ်ကုံး၊ ဟန်းချိန်းငါးမူးသား တစ်ကုံး၊ HUAWEI Y62 မိုးပြာရောင် ဖုန်းတစ်လုံး၊ တစ်သောင်းတန် ငွေစက္ကူ ၁၄ ရွက် စုစုပေါင်းကာလတန်ဖိုး ငွေကျပ် ၂၃၅၃ဝဝဝ တို့ကို မော်လူးဘူတာမှ တက်လာသူအမျိုးသမီး (လူမြင်လျှင်မှတ်မိ)မှာ အဆိုပါ B7-C7 ထိုင်ခုံနားသို့ ကပ်ပါလာကြောင်း၊ ပိုင်ရှင်ဖြစ်သူ မဖြိုးနန္ဒာသည် အိပ်ပျော်ပြီးနိုးလာစဉ် ၎င်းလွယ်ထားသော ဘေးလွယ်အိတ်မှာ ရထားကြမ်းပြင်ပေါ် တွင်ကျရောက်နေပြီး သက်သေခံပစ္စည်းများ ပျောက်ဆုံးနေကြောင်း သိရသဖြင့် သက်ဆိုင်ရာကို အကြောင်းကြားခဲ့သည်။

အဆိုပါ ဖြစ်စဉ်ကြောင့် မော်လူးနယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ် မင်းနိုင်၊ နယ်ထိန်းခေါင်းဆောင် ဒုတိယရဲအုပ် မျိုးသူရနှင့်အဖွဲ့တို့က ပြစ်မှုကျူးလွန်သူကို အမြန်ဆုံး ဖမ်းဆီးရမိရေး စုံစမ်းဖော်ထုတ်ခဲ့ရာ မော်လူးမင်သုခ ရပ်ကွက်နေ မတင်မာဝေ (ခ) သာမသည် စက်တင်ဘာ ၂၂ရက် ည ၁ဝနာရီ မိနစ်၃ဝက မန္တလေး-မြစ်ကြီးနား အဆန်(၅၇) ရထားဖြင့် မဖြိုးနန္ဒာလိုက်ပါလာသည့် ထိုင်ခုံဘေးတွင် ကပ်ပါလာခဲ့ကြောင်း၊ ၎င်းဘေးလွယ်အိတ်အထဲရှိ ကချင်ပိုက်ဆံအိတ်အတွင်းမှ အဆိုပါ ပျောက်ဆုံးသွား သောပစ္စည်းများကို ခိုးယူခဲ့ကြောင်း၊ ထို့နောက် နန့်စီးအောင် ဘူတာမှတစ်ဆင့် မန္တလေး -မြစ်ကြီးနား အမှတ်(၅၈)အစုန်ရထားဖြင့် မော်လူးသို့လိုက်ပါလာပြီး ၎င်းနေအိမ်တွင် ခိုးယူခဲ့ သောပစ္စည်းများကို မြေကြီးထဲသို့ မြှုပ်နှံခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် ခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မော်လူးနယ်မြေရဲခန်းက တင်မာဝေ (ခ) သာမကို ပြစ်မှုပုဒ်မ(ပ) ၄ဝ/၂ဝ၁၈၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ-၃၇၉(နှိုက်)ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment