Pages

Monday, September 24, 2018

ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းရှိ အလုပ်သမားသမဂ္ဂများက ဦးဆောင်ပြီး ဖုယွင်အလုပ်သမားသပိတ်ကို ထောက်ခံအားပေးကြောင်း ဆန္ဒထုတ်ဖော်



ရန်ကုန် ၂၄-၉-၂ဝ၁၈

ဖုယွင်အထည်ချုပ် စက်ရုံမှ အလုပ်သမားသပိတ်ကို ဝန်းရံထောက်ခံ အားပေးသည့်အနေဖြင့် ဒဂုံဆိပ်ကမ်း မြို့နယ်အတွင်းရှိ အလုပ်သမား သမဂ္ဂများက ဦးဆောင်သည့် စက်ရုံလုပ်သားများ၏ ထောက်ခံ ဆန္ဒထုတ်ဖော်မှုကို ယနေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖုယွင်စက်ရုံမှ အလုပ်သမား သမဂ္ဂ အဖွဲ့ဝင်ဦးရေ ၃ဝကျော်ကို သြဂုတ်၂ဝရက်ကစတင်ကာ စက်ရုံမှ အလုပ်ထုတ်ပယ်ခဲ့၍ အလုပ်ထုတ်ပယ် ခံလုပ်သားများ အလုပ်ပြန်လည် ခန့်အပ်ပေးရန် လမ်းလျှောက်ချီတက် ဆန္ဒထုတ်ဖော်ခဲ့ ကြခြင်းဖြစ်ကြောင်း လုပ်သားများထံမှ သိရသည်။

အချိန်ပိုခိုင်းစေခြင်း၊ အချိန်ပို လုပ်ခအပြည့်အဝ မရရှိခြင်း၊ အလုပ်သမား ဥပဒေပါ အခွင့်အရေးများကို ခံစားခွင့်မရခြင်း စသည့်ကိစ္စရပ် များကို စက်ရုံဘက်မှ ပြုလုပ်ခဲ့သဖြင့် အလုပ်သမားများက နစ်နာမှုများကို ဖြေရှင်းပေးရန် တောင်းဆိုချက် ၁ဝချက်ကို သြဂုတ်၁၄ရက်က တောင်းဆိုခဲ့ကြကြောင်း၊ အလုပ်ရှင်ဘက်မှ ညှိနှိုင်းဖြေရှင်းမှု တစ်စုံတစ်ရာ ပြုလုပ်မပေးဘဲ သြဂုတ်၂ဝ ရက်တွင် ဖုယွင်စက်ရုံ အလုပ်သမား သမဂ္ဂဥက္ကဋ္ဌအပါအဝင် အလုပ်သမား သမဂ္ဂအဖွဲ့ဝင်ဦးရေ၃ဝကို အလုပ်ထုတ်ပယ်ခဲ့ခြင်း ဖြစ်ကြောင်း၊ သြဂုတ်၂၁ရက်တွင် အလုပ်သမားများက အလုပ်ဆင်းရာ စက်ရုံအတွင်း ဝင်ခွင့်မပြုရာမှ စတင်ပြီး စက်ရုံရှေ့တွင် သပိတ်စခန်းဖွင့်လှစ် ခဲ့ခြင်းဖြစ်ကြောင်း၊ မြို့နယ်၊တိုင်းဒေသကြီးနှင့် အလုပ်သမား ရေးရာအဖွဲ့များ၊တာဝန်ရှိသူများက လာရောက်ညှိနှိုင်း ပေးသော်လည်း ယခုအချိန်ထိ ပြေလည်မှုမရှိသေးကြောင်း ဖုယွင်အလုပ်သမား သမဂ္ဂဥက္ကဋ္ဌ မသက်ထားဆွေက ပြောပြသည်။

အလုပ်သမားသပိတ်မှာ ရက်ပေါင်းသုံးဆယ်ကျော် ကြာမြင့်နေပြီ ဖြစ်ပြီး အလုပ်သမားများတောင်းဆို ချက်များ မရမချင်း သပိတ်တိုက်ပွဲ ဆက်လက်ပြုလုပ်မည် ဖြစ်ကြောင်း သပိတ်မှောက်လုပ်သားများက ဆက်လက်ပြောပြသည်။

ဒဂုံဆိပ်ကမ်း မြို့နယ်အတွင်းရှိ အလုပ်သမားသမဂ္ဂများက ဦးဆောင်၍ နံနက် ၁ဝနာရီမှ စတင်ကာ ဒဂုံဆိပ်ကမ်းမြို့နယ် မင်းကြီးမဟာ မင်းခေါင်းလမ်းပေါ် ဖုယွင်အထည်ချုပ် စက်ရုံဘေးလမ်း ဖုယွင်အထည်ချုပ် အလုပ်သမား သပိတ်စခန်း ရှေ့နှင့် မြေနီမှတ်တိုင်ထိ စီတန်းလှည့်လည်ဟောပြောမှုများကို မွန်းလွဲ၁၂နာရီထိ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖုယွင်အထည်ချုပ် စက်ရုံသို့ ဖုန်းဆက်သွယ် မေးမြန်းရာတွင် လူမှုကွန်ရက်တွင် ၎င်းတို့ဘက်မှ ထုတ်ပြန်ထားသည့် သဘောထား ကြေညာချက်များကိုသာ ရှာဖွေကြည့်ရန် စက်ရုံမန်နေဂျာ ဦးသိန်းဆွေက ပြောပြသည်။

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment