Pages

Monday, September 24, 2018

မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်သို့ လာရောက်ကြည့်သည့် နိုင်ငံခြားသားများအား ဝင်ကြေးကောက်ခံရန် Tour Information Centre နှစ်ခုတည်ဆောက်မည်



မန္တလေး ၂၄-၉-၂ဝ၁၈

မန္တလေးမြို့ မဟာမုနိရုပ်ရှင် တော်မြတ်သို့ လာရောက်ကြသည့် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည် များအား ဝင်ကြေးကောက်ခံရန် Tour Information Centre နှစ်ခုတည်ဆောက်မည် ဖြစ်ကြောင်း မဟာမုနိရုပ်ရှင် တော်မြတ် ဂေါပကအဖွဲ့ထံမှ သိရသည်။

နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသည်များအား ဝင်ကြေးကောက်ခံရန် ၂ဝ၁၇ခုနှစ်က မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြထားပြီး လက်ရှိတွင် Tour Information Centre တည်ဆောက်မည့် ဒီဇိုင်းပုံစံကို မြန်မာနိုင်ငံ ဗိသုကာ အသင်းထံမှ ဒီဇိုင်းရရှိပြီး ဖြစ်ကြောင်း၊ စင်တာတည်ဆောက်ရန် မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက် စောင့်ဆိုင်းနေကြောင်း အဆိုပါဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးကျော်ကျော်ဦးက ပြောပြသည်။

"ဝင်ကြေးကိုတော့ အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်ကျမှ သတ်မှတ်မယ်။ Centre တွေကို တောင်ဘက်နဲ့ မြောက်ဘက်မုခ် အနောက်ဘက်ခြမ်းမှာ နှစ်နေရာ တည်ဆောက်သွားမယ်။ Tourist တွေ နားနေဖို့ အခန်းပါမယ်။ ဖိနပ်ချွတ် စင်တွေလဲ ပါမယ်။ ဝန်ဆောင်မှု ပြည့်ပြည့်စုံစုံ ထားပေးမှာပါ"ဟု ၎င်းက ပြောပြသည်။

Tour Information Centre တွင် ဝင်ကြေး ကောက်ခံခြင်းကို ဂေါပကအဖွဲ့က တာဝန်ယူကောက်ခံ သွားမည်ဖြစ်ကာ ဝင်ကြေးကို မြန်မာကျပ်ငွေဖြင့် ကောက်ခံပါက ငွေကျပ်၅ဝဝဝ၊ ဒေါ်လာဖြင့်ကောက်ခံပါက သုံးဒေါ်လာခန့် ကောက်ခံရန် လျာထားကြောင်း သိရသည်။

နိုင်ငံခြားသားများကို ဝင်ကြေးကောက်ခံရန် စင်တာဆောက်လုပ်မှု များအတွက် ဒီဇိုင်း၊ နေရာ၊ ကုန်ကျစရိတ်များကို ဂေါပက အဖွဲ့ကတွက်ချက် ထားပြီးဖြစ်ကာ နိုင်ငံခြားသားများအတွက် ဘုရားကြီးသမိုင်းနှင့် လေ့လာစရာနေရာများ၊ နံရံဆေးရေးပန်းချီများ စသည့်လမ်းညွှန်ကိုမြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ပြင်ဆင်ထားပြီး ဖြစ်ကြောင်း သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment