Pages

Thursday, August 23, 2018

MMA ဝိတ်တန်းချိန်ပီယံ အောင်လအန်ဆန်နှင့် One Championship တို့ သက်တမ်းတိုးစာချုပ်ချုပ်ဆို



ရန်ကုန် ၂၃-၈-၂ဝ၁၈

မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး MMA ဝိတ်တန်းနှစ်ခုချန်ပီယံ အောင်လအန်ဆန်နှင့် One Championship တို့ယနေ့တွင် တစ်နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။

အဆိုပါစာချုပ် ချုပ်ဆိုခဲ့ခြင်းကို One Championship အဖွဲ့အစည်းက ယနေ့တွင် ထုတ်ပြန်ခဲ့သကဲ့သို့ အောင်လအန်ဆန် ကလည်း၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှ တစ်ဆင့် ရေးသားဖော်ပြခဲ့သည်။

အောင်လအန်ဆန်သည် MMA ကစားသမားအဖြစ် ၂ဝ၁၅ခုနှစ်က မြန်မာနိုင်ငံကိုယ်စားပြု စတင်ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ၂ဝ၁၄ ခုနှစ်မှစ၍ One Championship အဖွဲ့အစည်းနှင့် စာချုပ်ချုပ်ဆိုကာ MMA ပြိုင်ပွဲများ စတင်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။

၎င်းအနေဖြင့် ယခုကဲ့သို့ One Championship အဖွဲ့အစည်းနှင့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့သောကြောင့် ချန်ပီယံကာကွယ်ပွဲများ ဆက်လက်ယှဉ်ပြိုင် ရမည်ဖြစ်ကာ လာမည့် အောက်တိုဘာလ တွင်လည်း MMA လိုက်ဖ်ဟဲဗီးဝိတ်တန်း ချန်ပီယံကာကွယ်ပွဲ ထိုးသတ် ရမည်ဖြစ်သည်။

အောင်လအန်ဆန်က "ကျွန်တော် One Championship နဲ့တစ်နှစ်သက်တမ်း တိုးစာချုပ် ချုပ်ဆိုပြီးပါပြီ။ ကျွန်တော်ရဲ့ ချန်ပီယံကာကွယ်ပွဲကို လာမယ့် အောက်တိုဘာလထဲမှာ ထိုးသတ်ဖို့ရှိပါတယ်။ ကျွန်တော့်ကို အားပေးတဲ့ ပရိသတ်တွေကိုလဲ ကျေးဇူးတင်ပါတယ်။ One Championship နဲ့ လေးနှစ်ကြာလက်တွဲခဲ့ ရတဲ့အတွက် ဂုဏ်ယူမိသလို ဆက်လက်ပြီး လက်တွဲထားဖို့လဲ ရည်ရွယ်ထားပါတယ်"ဟု ပြောကြားခဲ့သည်။

၎င်းအနေဖြင့် ကစားသမား ဘဝသက်တမ်း တစ်လျှောက် ၃၃ပွဲထိုးသတ်ခဲ့ပြီး ၂၃ပွဲအနိုင်၊ ၁ဝပွဲရှုံးနိမ့်ထားကာ လက်ရှိအချိန်တွင် One Championship ဦးစီးကျင်းပနေသည့် MMA ပြိုင်ပွဲတွင် MMA မစ်ဒယ်ဝိတ်တန်း ချန်ပီယံဆုနှင့် MMA လိုက်ဖ်ဟဲဗီးဝိတ်တန်း ချန်ပီယံဆုနှစ်ဆုရှင်အဖြစ် ရပ်တည်နေကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment