Pages

Friday, August 3, 2018

စည်းကမ်းမဲ့ကျောက်ကားများ စတင်အရေးယူတော့မည်



မန္တလေး ၃-၈-၂ဝ၁၈

မန္တလေးစည်ပင် နယ်နိမိတ် မြို့နယ်ခြောက်မြို့နယ် အတွင်းစည်းကမ်းမဲ့ ကျောက်ကားများကို ယခုလအတွင်း စတင်ဖမ်းဆီး အရေးယူမှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဇောအောင်က ပြောပြ၍ သိရသည်။

မန္တလေးမြို့တွင် ယခုလက်ရှိ မြို့တော်သာယာ လှပရေးအတွက် ဆောင်ရွက်လျက်ရှိရာ မန္တလေး-ပြင်ဦးလွင်လမ်း အုန်းချောကျေးရွာ အနီးရှိ ကျောက်ထုတ်လုပ်သည့် လုပ်ငန်းအများအပြားရှိပြီး ၎င်းကျောက်လုပ်ငန်း လုပ်ကိုင်ရာတွင် ကျောက်အမျိုးမျိုးကို ကားများဖြင့် မြို့တွင်းလမ်းကြောင်း များမှသယ်ယူ ပို့ဆောင်ပေးလျက် ရှိကြောင်း၊ ထိုသို့ ကျောက်ကားများ အနေဖြင့် မြို့၏ အဓိကကျသည့် လမ်းများပေါ်မှ သယ်ဆောင်ရာတွင် ကျောက်မှုန့်များ၊ ကျောက်ခဲအပိုင်းအစများ လမ်းမကြီးများပေါ်တွင် တင်ကျန်နေမှုများ ရှိနေခြင်းကြောင့် ကျောက်ကားများကို စည်းကမ်းတကျ သယ်ယူစေရေးအတွက် အရေးယူမှု လုပ်ငန်းများ စတင်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

"အခုလက်ရှိ မြို့တွင်းကို ကျောက်ကားတွေ ဝင်လာပြီဆိုရင် အသိပညာပေးမှု လုပ်ငန်းတွေ လုပ်နေတယ်။ အဓိကကတော့ ကျောက်ကားတွေအနေနဲ့ ကျောက်တွေကို ကားအပြည့်အလျှံမတင်ဖို့၊ ပြီးတော့ အမိုးကို သေချာလုံအောင်ပိတ်ဖို့နဲ့ ကျောက်ချရာမှာလဲ ဘေးပေါင်တွေမှာ ကပ်ကျန်နေမှု မရှိအောင်လို့ အခုအသိပညာ ပေးကာလကို စလုပ်ဆောင်နေပါပြီ။ နောက်ပိုင်း ဖမ်းဆီးအရေးယူမှုတွေ စလုပ်တော့မှာပါ"ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၊အခွန်ဌာနမှ ဒုတိယဌာနမှူး ဦးသက်နိုင်က ပြောပြသည်။

ယခင်ဇူလိုင်၂၉ရက်မှစ၍ မြို့နယ် ခြောက်မြို့နယ်အတွင်း ကျောက်ကားများဝင်၊ ထွက်သွားလာရာတွင် စည်းကမ်းစနစ်တကျဖြင့် သေချာစိစစ်ပြီးမှသာ သွားလာနိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများကို စတင်လုပ်ဆောင် နေကြောင်း၊ အသိပညာပေး လုပ်ငန်းများကို ရက်တိုစီမံချက်အနေဖြင့် ပျှမ်းမျှ ၁ဝ ရက်ခန့်သတ်မှတ်ကာ လုပ်ဆောင်နေပြီး ၎င်းရက်တိုစီမံချက် ပြီးဆုံးပါက စည်းကမ်းလိုက်နာမှု မရှိသည့် ကျောက်ကားများကို ဖမ်းဆီးအရေးယူ မှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

"ကျောက်ကားတွေအနေနဲ့ ကျောက်တွေကို အပြည့်အလျှံတင်ပြီး မြို့တွင်းဖြတ်သန်းသွားလာရင် ကျောက်ခဲအပိုင်းအစတွေ ကျကျန်ပြီးတော့ နောက်က ကပ်မောင်းနေတဲ့ ဆိုင်ကယ်တွေအနေနဲ့ စလစ်ဖြစ်ပြီး ယာဉ်တိမ်းမှောက် မှုတွေဖြစ်နိုင်ပါတယ်"ဟု ၎င်းက ဆက်လက် ပြောပြသည်။

ယခုလက်ရှိ အသိပညာပေး ကာလအတွင်း၌လည်း ကျောက်လုပ်ငန်းရှင်များနှင့် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ စည်းကမ်းပိုင်းများအပြင် အခြားအပိုင်း ကဏ္ဍများကို ဆွေးနွေးသွားရန် စီစဉ်ထားကြောင်း၊ ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်ပြီးပါက ယခုလအတွင်းတွင် ကျောက်တင်ဆောင်သည့် ကားများကို မြန်မာနိုင်ငံ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ စည်ပင်သာယာ ရဲတပ်ဖွဲ့အပါအဝင်ပူးပေါင်းအဖွဲ့များက နေ့စဉ်စစ်ဆေး အရေးယူသွားတော့မည်ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment