Pages

Wednesday, August 29, 2018

မြန်မာနိုင်ငံ၏ ကြံသကြားထုတ်လုပ်မှု နှစ်စဉ်ပျမ်းမျှ ၂၅ ရာခိုင်နှုန်းခန့် တိုးတက်



မန္တလေး ၂၉-၈-၂ဝ၁၈

မြန်မာနိုင်ငံ၏ ကြံသကြား ထုတ်လုပ်မှုမှာ ၂ဝ၁၅ ခုနှစ်မှ စတင်၍ တစ်နှစ်လျှင် ပျမ်းမျှ ၂၅ရာခိုင်နှုန်းခန့် တိုးတက်လာကြောင်း မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များ အသင်း(မန္တလေး)မှ သိရသည်။

ကြံသကြား ထုတ်လုပ်မှုမှာ ၂ဝ၁၅ခုနှစ်မှ ၂ဝ၁၈ခုနှစ်ထိ လေးနှစ်ဆက်တိုက် ပျမ်းမျှအားဖြင့် တိုးတက်လာပြီး တစ်နှစ်လျှင် ၂၅ရာခိုင်နှုန်းခန့် တိုးတက်လာကြောင်း၊ တရုတ်နိုင်ငံ၏ သကြားလိုအပ် ချက်များလာ သည့်အတွက် သကြား Re-export ဈေးကွက်ပေါ်ပေါက်လာပြီး သကြားဈေးကောင်း လာသဖြင့် ကြံဈေးကောင်းလာကာ ကြံစိုက်ပျိုးဧကနှင့် သကြားထုတ်လုပ်မှု တိုးတက်လာခြင်း ဖြစ်ကြောင်း အဆိုပါအသင်းဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးက ပြောပြသည်။

"သကြားဈေးကောင်းလို့ ကြံဈေးကောင်းပြီး စိုက်ပျိုးထုတ်လုပ် သူတွေ အဆင်ပြေခဲ့ ကြပါတယ်။ ခုဆို စက်တည်ကတည်းက မကြိတ်ဝါးဖူးတဲ့ ပမာဏ စွမ်းအားပြည့် ကြိတ်ဝါးနေရတဲ့ စက်တွေရှိလာပါပြီ။ စက်အဟောင်းတွေလဲ ပြင်ဆင်ပြီး ပိုမိုကြိတ်ဝါးဖို့ လုပ်နေကြတာ တွေ့ရပါတယ်"ဟု ၎င်းက ပြောပြသည်။

ယခုနှစ် ကြံရာသီတွင် သကြားတန်ချိန် ငါးသိန်းနီးပါး ထုတ်လုပ်နိုင်ခဲ့ပြီး သကြားတင်သွင်းခွင့် Re-export လိုင်စင်ရပ်နား လိုက်သည့်အတွက် ကြံဈေးကောင်း လာနိုင်ပြီး လာမည့် ၂ဝ၁၈-၂ဝ၁၉ကြံရာသီ၌ သကြားထုတ်လုပ်မှု လျော့ကျနိုင်ခြေ မရှိကြောင်း သိရသည်။

လက်ရှိမြန်မာနိုင်ငံ လူဦးရေ ၅၂ သန်း၏ သကြားသုံးစွဲမှုမှာ တစ်နှစ်လျှင် သကြားတန်ချိန် ခြောက်သိန်းခွဲခန့် ရှိနိုင်ကြောင်း ခန့်မှန်းတွက်ချက် ထားပြီး လက်ရှိသကြား ထုတ်လုပ်မှုမှာ တန်ငါးသိန်းခန့် ရှိသည့်အတွက် ပြည်တွင်း စားသုံးမှု အပြည့်ဖြည့်ဆည်းနိုင်ရန် တန် ၁ ဒသမ ၅ သိန်းခန့် လိုအပ်လျက်ရှိ သေးကြောင်း အဆိုပါအသင်းထံမှ သိရသည်။

#Themyawadydaily

No comments:

Post a Comment