Pages

Thursday, July 5, 2018

ယခုနှစ်တွင်သဘာဝ ဘေးဒဏ်ကြောင့် လက်ဖက်ရရှိမှု နည်းသော်လည်း ဈေးကောင်းရ



လားရှိုး ၅-၇-၂ဝ၁၈

ရှမ်းပြည်နယ် (မြောက်ပိုင်း) ၌ ယခုနှစ် လက်ဖက်ညွန့် ထွက်ချိန်တွင် သဘာဝဘေးဒဏ်ကြောင့် လက်ဖက်ရရှိမှု နည်းသော်လည်း ပြန်လည်ရောင်းချရာ၌ ဈေးကောင်း ရရှိကြသဖြင့် လက်ဖက်စိုက် တောင်သူများ အဆင်ပြေကြောင်း တန့်ယန်းမြို့နယ်မှ လားရှိုးမြို့သို့ လက်ဖက်လာရောက် ရောင်းချသူ ဒေါ်နန်းမွမ်းထံမှ သိရသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် လက်ဖက်စိုက်ပျိုးခြင်းကို လားရှိုး၊တန့်ယန်း၊ နမ္မတူ၊ နမ့်ဆန်၊ ကျောက်မဲနှင့် လောက်ကိုင်မြို့နယ် တို့တွင် စိုက်ပျိုးမှုများပြားပြီး ကျောက်မဲ၊ နမ့်ဆန်နှင့် တန့်ယန်းမြို့နယ်တို့၌ နှစ်စဉ်လက်ဖက်ထွက်ရှိမှု များပြားကြောင်း၊ လက်ဖက်ထွက်ရှိမှု ကောင်းမွန်သဖြင့် ဈေးနှုန်းလည်း မြင့်တက်မှုမရှိဘဲ လက်ဖက်ခြောက် တစ်ပိဿာလျှင် ငွေကျပ်၂ဝဝဝမှ အမြင့်ဆုံး ငွေကျပ် ၁၈ဝဝဝထိသာ ရောင်းချခဲ့ရကြောင်း၊ ပြီးခဲ့သည့် သုံးနှစ် နောက်ပိုင်းမှစ၍ အချိန်အခါမဟုတ် မိုးရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်မှု များကြောင့် လက်ဖက်ညွန့်များ အရင့်မြန်ခြင်း၊ လက်ဖက်ခူးချိန်တွင် လုပ်သားရှားပါး သည့်အတွက် အချိန်မီမခူးဆွတ် နိုင်ခြင်းတို့ကြောင့် လက်ဖက်ရရှိမှုနည်းပါးသဖြင့် လက်ဖက်စိုက်သူများ အနေဖြင့် ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

"ကျွန်မတို့က တခြားမြို့နယ် တွေကိုလဲ ဖြန့်တာရှိတယ်။ ကိုယ်တိုင်လဲရောင်းပါတယ်။ ဈေးနှုန်းကတော့ အတက်ဘက်မှာပဲ ရှိတယ်။ ဒီနှစ်တော့ လက်ဖက်ဈေးကလဲ အရင်နှစ်က ငွေကျပ်၄၅ဝဝ၊ ငွေကျပ်၅ဝဝဝရောင်းတဲ့ လက်ဖက်ခြောက်ကို ငွေကျပ် ၆ဝဝဝ၊ငွေကျပ် ၇ဝဝဝ ရောင်းရတယ်။ အမြင့်ဆုံးငွေကျပ် ၃ဝဝဝဝကျပ်ထိ ရောင်းရတယ်ဆိုတော့ လက်ဖက်အထွက် နည်းပေမယ့် ဈေးကောင်းရလို့ ကျွန်မတို့အနေနဲ့ အရှုံးမရှိပါဘူး"ဟုဒေါ်နန်းမွမ်းက ပြောပြ၍ သိရသည်။

#Themyawadydaily

No comments:

Post a Comment