Pages

Monday, June 4, 2018

ကျောင်းဖွင့်ချိန်တွင် မန္တလေးဆိုင်ကယ်ဈေးကွက်၌ အရောင်းအဝယ်သွက်နေ



မန္တလေး ၄-၆-၂ဝ၁၈

ယခုနှစ် ကျောင်းဖွင့်ချိန်တွင် မန္တလေးဆိုင်ကယ် ဈေးကွက်၌ အရောင်းအဝယ် သွက်လျက်ရှိကြောင်း မန္တလေးဆိုင်ကယ် ဈေးကွက်မှ သိရသည်။

လက်ရှိ မန္တလေးဆိုင်ကယ် ဈေးကွက်တွင် ၂ဝ၁၈ခုနှစ် ပုံစံသစ်ဆိုင်ကယ်များ ရောင်းချပေးလျက်ရှိပြီး ထိုင်း Click နှင့် Scoopy အမျိုးအစား ဆိုင်ကယ်များ အရောင်းအဝယ် ပိုဖြစ်နေကြောင်း သိရသည်။

"ကျောင်းဖွင့်ချိန်ဆိုတော့ အရင် ၁ဝ စီးရောင်းရရင် အခု ၁၅စီးလောက် ရောင်းရတယ်။ အရောင်းအဝယ် သွက်နေပါတယ်။ ၂ဝ၁၈ခုနှစ် ထုတ်ဆိုင်ကယ်တွေကို ပိုစိတ်ဝင်စားကြတယ်။ ပိုရောင်းရပါတယ်"ဟု DT နိုင်ဦး ဆိုင်ကယ် အရောင်းဆိုင်မှ ဦးနိုင်ဦးက ပြောပြသည်။

မန္တလေးဆိုင်ကယ် ဈေးကွက်တွင် ၂ဝ၁၈ ခုနှစ် ပုံစံသစ် ထိုင်း Click ဘီး တစ်စီးလျှင် ငွေကျပ် ၃၂ သိန်းမှ ငွေကျပ် ၃၃သိန်းကြား၊၂ဝ၁၈ခုနှစ် ပုံစံသစ် Scoopy တစ်စီးလျှင် ငွေကျပ်၂၄ သိန်းခန့် ဈေးရှိပြီး အရောင်သုံးရောင်ရွေးချယ်နိုင်မည် ဖြစ်သည်။

ယခင် ၂ဝ၁၇ခုနှစ် မော်ဒယ် Click ဘီး တစ်စီးလျှင်ငွေကျပ် ၂၃ သိန်းခန့်ရှိခဲ့သော်လည်း ယခု ၂ဝ၁၈ ခုနှစ် မော်ဒယ် Click ဘီးတစ်စီးလျှင် ငွေကျပ် ၃၃ သိန်းခန့် ဈေးရှိရာ ငွေကျပ် ၁ဝ သိန်းခန့် ဈေးကွာခြားကြောင်း၊ ၂ဝ၁၈ခုနှစ် ပုံစံသစ် ထိုင်း Click ဆိုင်ကယ်တွင် အိတ်ဇော၊ ဒိုင်ခွက်၊ ကိုယ်ထည်၊ အင်ဂျင်ပါဝါ ၁၅ဝ စသည်ဖြင့်ပြောင်းလဲ သွားကြောင်း၊ မကြာမီ ရက်ပိုင်းအတွင်း အင်ဂျင်ပါဝါ-၁၂၅ ရှိ ၂ဝ၁၈ ခုနှစ် ပုံစံသစ်ဆိုင်ကယ်များ ဈေးကွက်အတွင်း ဝင်ရောက် လာမည်ဖြစ်ကြောင်း မန္တလေးဆိုင်ကယ် ဈေးကွက်မှ ဝယ်ရောင်းသမား အချို့ကပြောပြသည်။

မန္တလေးဆိုင်ကယ် ဈေးကွက် အရောင်းအဝယ်တွင် ၂ဝ၁၈ ခုနှစ်ပုံစံသစ် ထိုင်းဘီးများ အရောင်းအဝယ် ဖြစ်လျက်ရှိပြီး တရုတ်နိုင်ငံ ထုတ်ငွေကျပ် ၃၅ဝဝဝဝမှ ၁ဝ သိန်းခန့် ဈေးရှိသော ဆိုင်ကယ်များလည်း အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment