Pages

Wednesday, June 6, 2018

ပဲခူးတွင် လယ်တစ်ဧကလျှင် ငွေကျပ် ၁ဝ သိန်းချေးမည် ဟုဆိုကာ စာရွက်စာတမ်းကြေး ကောက်ခံခဲ့သူ များကို ဖမ်းဆီး



ပဲခူး ၆-၆-၂ဝ၁၈

ပဲခူးမြို့နယ် အဝိုင်းကျေးရွာ၌ လယ်တစ်ဧကလျှင် ငွေကျပ် ၁ဝ သိန်း ချေးပေးမည်ဟုဆိုကာ လယ်သမားများထံမှ စာရွက်စာတမ်းကြေး ကောက်ခံနေသူ သုံးဦးကို ရဲတပ်ဖွဲ့က ဇွန် ၄ ရက်တွင် ဖမ်းဆီးထိန်း သိမ်းလိုက်ကြောင်း ပဲခူးမြို့မရဲစခန်းမှ သိရသည်။

မြန်မာ့ဘက်စုံ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းနှင့် ဥဿာ၊ ဟံသာဝတီ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး သမဝါယမ အသင်းချုပ်မှ ငွေချေးမည်ဟုဆိုကာ စာရွက်စာတမ်း ကြေးကောက်ခံ နေသူများကိုဖမ်းဆီးခဲ့ပြီး အမှုတွင်ပါဝင် ပတ်သက်သူ သုံးဦးကို ဆက်လက်ဖမ်းဆီး နိုင်ရေးလည်း ဆောင်ရွက်နေကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ မြန်မာ့ဘက်စုံ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းမှ ဦးမြင့်ဝေဆိုသူက ဦးဆောင်ကာ အမျိုးသမီးနှစ်ဦးနှင့် အတူ မေ ၂ဝ ရက်တွင် လယ်တစ်ဧက ငွေကျပ် ၁ဝသိန်းကို အတိုး ၈၆ ပြားနှုန်းဖြင့် ချေးပေးမည်ဟု ပဲခူးမြို့နေ ဒေါ်တင်တင်မိုးကို ယုံကြည်အောင် ပြောဆိုစည်းရုံး၍ တာဝန်ပေးအပ် ခဲ့သဖြင့် ဒေါ်တင်တင်မိုးနှင့်အတူ ၎င်းတို့ သုံးဦးသည် အဝိုင်းကျေးရွာရှိ လယ်သမား ၅၇ ဦးကျော်ထံမှ ပုံစံ(၇)မူရင်းများနှင့် အတူ စာရွက်စာတမ်းကြေး ငွေကျပ်ငါးသိန်းခွဲကျော် ကောက်ခံခဲ့ကြောင်း သိရသည်။

ထို့ပြင် ဒေါ်တင်တင်မိုး၏ သားနှင့်သူငယ်ချင်း ဖြစ်သူတို့သည် အဝိုင်းကျေးရွာသို့ ဇွန် ၄ ရက်မွန်းလွဲ ၂ နာရီခန့်တွင် ရောက်ရှိလာပြီး လယ်ယာမြေပုံစံ(၇) မူရင်းမရှိသော လယ်သမားများကိုလည်း ဥဿာ၊ ဟံသာဝတီဘက်စုံဖွံ့ဖြိုးတိုးတက်ရေး သမဝါယမ အသင်းချုပ်က ငွေချေးပေးမည်ဟု ပြောဆိုကာ ဓာတ်ပုံရိုက်ကူးရန် တစ်ဦးလျှင် ငွေကျပ် ၃၇ဝဝ ကျကြောင်း ပြောဆို ဆောင်ရွက်နေစဉ် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့က မသင်္ကာသဖြင့် ပဲခူးမြို့နယ် သမဝါယမ အသင်းချုပ်နှင့် ရဲစခန်းသို့ အကြောင်းကြား၍ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

လယ်သမားများကလည်း ချေးငွေယူတော့မည် မဟုတ်သဖြင့် စာရွက်စာတမ်းကြေး ငွေကျပ်ငါးသိန်းကျော်ကို ပြန်လည်တောင်းခံရာ ပေးအပ်ခြင်းမရှိသဖြင့် လယ်သမားများက မြန်မာ့ဘက်စုံ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းမှ ဆိုသူ သုံးဦးနှင့် ပဲခူးမြို့နေ ဒေါ်တင်တင်မိုးတို့ကို ပဲခူးမြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် (ပ) ၁၂၄၆/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ ၄၂ဝ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ဥဿာ၊ ဟံသာဝတီ သမဝါယမအသင်းချုပ် အမည်ခံ၍ လိမ်လည်ခဲ့သော ဒေါ်တင်တင်မိုး၏ သားနှင့် သူငယ်ချင်းဖြစ်သူ နှစ်ဦးကိုလည်း ပဲခူးမြို့ သမဝါယမ အသင်းချုပ်က ပဲခူးမြို့မရဲစခန်းတွင် (ပ)၁၂၄၇/၂ဝ၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၄၂ဝ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment