Pages

Wednesday, June 6, 2018

မိုးကာလတွင် ဆည်တော်ကြီး ရေလှောင်တမံ ရေကြီးရေလျှံမှု လျော့နည်းစေရန် ရေပိုရေလွှဲတံခါးများနှင့် ဆည်ရေထုတ် ပေါက်ရေတံခါးများ စစ်ဆေးနေ



မန္တလေး ၆-၆-၂ဝ၁၈

မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ဆည်တော်ကြီး ရေလှောင်တမံကို မိုးကာလတွင် ရေကြီးရေလျှံမှု လျော့နည်းစေရန် ရေပိုရေလွှဲတံခါးများနှင့် ဆည်ရေ ထုတ်ပေါက်တံခါးများကို စစ်ဆေးဆောင်ရွက်မှု များပြုလုပ်နေကြောင်း မန္တလေးတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူးဦးသန်းဦး ကပြောပြ၍ သိရသည်။

မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီး ရေလှောင်တမံသည် ယနေ့ချိန်ထိ ရေသိုလှောင်မှု ပမာဏမှာ ၁၆၈ဝဝဝ ဧကပေရှိပြီး ရေမှတ် RL- ၃၈၆ ဒသမ ၂ ပေရှိကာ ၎င်းဆည်မှ လက်ရှိစိုက်ပျိုး ထားသည့် နွေစပါးစိုက်ဧက ၇ဝဝဝဝ ကျော်ကို အောင်ရေ ပေးဝေလျက်ရှိသည့် အပြင် ယခုနှစ် မိုးစပါးစိုက်ပျိုးရန် အတွက် ပျိုးထောင်ရေကိုလည်း ဆက်လက် ပေးဝေသွားမည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ ရေကြီးမှု မတိုင်မီနှစ်စဉ် ကြိုတင်ဆောင်ရွက် လျက်ရှိသော ရေပိုရေလွှဲတံခါးများ အဖွင့်အပိတ် စစ်ဆေးခြင်း၊ ဆည်ရေထုတ် ပေါက်ရေတံခါးများ အဖွင့်၊အပိတ် စစ်ဆေးခြင်းနှင့် လျှပ်စစ်စက်ရုံ ရေပေးတံခါးများ ကြံ့ခိုင်မှု စစ်ဆေးခြင်းများကို မေလကုန်နှင့် ဇွန်လဆန်းတို့တွင် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့်အတူ ဂျပန်နိုင်ငံမှ ပညာရှင်များက ပူးပေါင်း၍ စစ်ဆေးဆောင်ရွက် မှုများပြုလုပ်နေကြောင်း သိရသည်။

"ဆည်တော်ကြီး ရေလှောင် တမံအနေနဲ့ နှစ်စဉ်ဇူလိုင်လ လယ်ကစပြီး ရေပိုရေလွှဲတံခါးတွေကို ချိန်ညှိလျှော့ချ လေ့ရှိတာကြောင့် ကြိုတင်စစ်ဆေးရတာ ဖြစ်ပါတယ်။ အဲဒါအပြင် ရေလှောင်တမံ ဓာတ်အားပေး စက်ရုံရှိ ဓာတ်အား ပေးစက်တွေကို ဂျပန်နိုင်ငံချေးငွေနဲ့ အလုံးစုံ ပြုပြင်မွမ်းမံရေး တွေလုပ်ဆောင် တော့မှာဖြစ်တဲ့အတွက် လျှပ်စစ်စက်ရုံ ရေတံခါးတွေရဲ့ ကြံ့ခိုင်မှုတွေကိုလဲ စစ်ဆေးရတာ ဖြစ်ပါတယ်"ဟု ၎င်းက ဆက်လက် ပြောပြသည်။

ဆည်တော်ကြီး ရေလှောင်တမံ ကြိုတင်စစ်ဆေးရာတွင် ရေပိုရေလွှဲတံခါး ခုနစ်ပေါက်၊ ဆည်ရေ ထွက်ပေါက်တံခါး နှစ်ပေါက်နှင့် လျှပ်စစ်ဓာတ်အားပေး ရေတံခါးနှစ်ပေါက်ကို စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment