Pages

Tuesday, May 8, 2018

၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်အတွင်း မန္တလေးမြို့သို့ ကမ္ဘာလှည့် ခရီးသွားငါးသိန်းကျော် ဝင်ရောက်မည်ဟု မျှော်မှန်းထား



မန္တလေး ၈-၅-၂ဝ၁၈

၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် အတွင်းမန္တလေးမြို့သို့ ကမ္ဘာလှည့် ခရီးသွားဧည့်သည် ငါးသိန်းကျော် ဝင်ရောက်မည်ဟု မျှော်မှန်းထားကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

မန္တလေးမြို့ပေါ်အတွင်းသို့ ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များ ပိုမိုဝင်ရောက်နိုင်ရန် အတွက်ဝန်ဆောင်မှုများ ပေးသည့် ခရီးသွားလုပ်ငန်း ကုမ္ပဏီများနှင့် ဧည့်လမ်းညွှန်များကို ကြီးကြပ်မှုများ ဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံခြားသားများ အများဆုံး သွားရောက် လည်ပတ်သည့် နေရာများတွင် အမှိုက်များ မရှိစေရန်အတွက် အပတ်စဉ် အမှိုက်ကောက်မှုများပြု လုပ်လျက်ရှိကြောင်း သိရသည်။

"ခရီးသွားလုပ်ငန်းတွေ အရင်နဲ့စာရင် အများကြီးတိုးတက် လာပါတယ်။ တခြားနိုင်ငံတွေနဲ့ ယှဉ်ရင်တော့ ဆယ်ပုံ တစ်ပုံလောက်ပဲရှိပါ သေးတယ်။ နိုင်ငံခြားသားတွေ လာရောက်တဲ့အခါမှာ ကုန်ကျစရိတ် တွေရှိတယ်။ ဒီကုန်ကျ စရိတ်တွေ သက်သာမယ်ဆိုရင်လဲ ခရီးသွား လုပ်ငန်းက ပိုမိုဖွံ့ဖြိုးလာမှာ ဖြစ်ပါတယ်"ဟု ၎င်းက ပြောပြသည်။

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်က မန္တလေးမြို့အတွင်းသို့ ကမ္ဘာလှည့် ခရီးသွားဧည့်သည် သုံးသိန်းကျော် ဝင်ရောက်ခဲ့ပြီး ၂ဝ၁၇- ၂ဝ၁၈ ဘဏ္ဍာနှစ်ကလည်း လေးသိန်းရှစ်သောင်းကျော် ဝင်ရောက်ခဲ့ကြောင်း၊ ထို့ကြောင့် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် ခရီးသွားဧည့်သည် ယခင်နှစ်များထက် ပိုမိုဝင်ရောက်နိုင်မည်ဟု မျှော်မှန်းထားကြောင်း သိရသည်။

"မန္တလေးမြို့ပေါ်ကို တရုတ်နိုင်ငံသားတွေ အများဆုံးလာရောက် ကြပါတယ်။ ဒါ့ပြင် ဂျာမနီ၊ ပြင်သစ်၊ ထိုင်းစတဲ့ နိုင်ငံတွေကလဲ လာရောက်ကြပါတယ်။ မန္တလေးမြို့မှာ အထင်ကရနေရာဖြစ်တဲ့ မဟာမုနိ ရုပ်ရှင်တော်မြတ်၊ တောင်သမန်တံတား၊ မန္တလေးတောင်စတဲ့ နေရာတွေကို အများဆုံးလာရောက်ကြပါတယ်"ဟု ၎င်းကပြောပြ၍ သိရသည်။

#Themyawadydaily

No comments:

Post a Comment