Pages

Tuesday, May 8, 2018

မန္တလေးတိုင်း ဒေသကြီးအတွင်း တန်ဖိုးမျှတအရောင်း အိမ်ရာတိုက်ခန်းများကို ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် အကောင်အထည် ဖော်တည်ဆောက်ရန် စီစဉ်နေ


ယခင်နှစ်များက တည်ဆောက်ပေးခဲ့သည့် မြရည်နန္ဒာတန်ဖိုးမျှတအိမ်ရာများကို တွေ့ရစဉ်။

မန္တလေး ၈-၅-၂ဝ၁၈

မန္တလေး ပုသိမ်ကြီးမြို့နယ်တွင် တိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဦးစီးဌာနက ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် တန်ဖိုးမျှတ အရောင်းအိမ်ရာ တိုက်ခန်းများကို ယခုနှစ်အတွင်း အကောင်အထည် ဖော်တည်ဆောက်ရန် စီစဉ်နေပြီ ဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသက်နိုင်က ပြောပြ၍ သိရသည်။

အဆိုပါ တိုက်ခန်းများကို ပုသိမ်ကြီးမြို့နယ် အတွင်းရှိ မြေနေရာစီမံခန့်ခွဲမှု ရရှိပြီးဖြစ်သော မဲကင်းကုန်း၊ ဘိုတပ်ကုန်းနှင့် သမ္မတောတို့တွင် တည်ဆောက် သွားမည်ဖြစ်ပြီး လက်ရှိတွင် အဆောက်အအုံ ပုံစံဒီဇိုင်း အတည်ပြုချက် ရရှိရန် စီစဉ်လျက်ရှိကြောင်း၊ ၎င်းအိမ်ရာများကို တစ်စတုရန်း ပေလျှင် ငွေကျပ် ၂၂၅ဝဝနှင့် ၂၃ဝဝဝကြား သတ်မှတ်တည်ဆောက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

"အရောင်းအိမ်ရာတွေ ဆောက်ပြီးရင်လဲ ဝယ်ယူနိုင်တဲ့ အနေအထား မျိုးဖြစ်အောင် တွက်ချက်စဉ်းစားပြီး စီစဉ်ပေးနေပါတယ်။ အိမ်ရာဝယ်ယူ မယ်ဆိုရင် ကိုယ်တတ်နိုင်တဲ့ ငွေပမာဏနဲ့ တိုက်ခန်းအကျယ်ကို ဝယ်ယူနိုင်မှာပါ။အခုတွက်ချက်ထားတဲ့ နှုန်းထားအပြင် မရှိမဖြစ်လိုအပ်တဲ့ ရေ၊ မီးနဲ့ လမ်းအတွက် ကုန်ကျငွေလဲ ထပ်မံပါဝင်မှာ ဖြစ်ပါတယ်။ ဒီနှစ်အတွင်းမှာပဲ မကြာမီစတင်တည်ဆောက် တော့မှာပါ။ ဒီထက်မက မြေနေရာ တွေရခဲ့ရင်လဲ အရောင်းအိမ်ရာတွေ ထပ်မံတိုးချဲ့ တည်ဆောက် ပေးသွားမှာပါ"ဟု ၎င်းက ပြောပြသည်။

၎င်းတန်ဖိုးမျှတ အရောင်းအိမ်ရာ တိုက်ခန်းများကို အငြိမ်းစားများ၊ မကြာမီအငြိမ်းစား ယူတော့မည့် ဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများ၊ ဝင်ငွေနည်းပြည်သူများနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင် အိမ်ရာဝယ်ယူရန် ငွေစုဆောင်း ထားသူများကို ဘဏ်ချေးငွေ စနစ်ဖြင့် ဦးစားပေးရောင်းချ ပေးသွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောပြသည်။

ယခင်နှစ်များက မန္တလေးတိုင်း ဒေသကြီး ချမ်းမြသာစည် မြို့နယ်အတွင်း မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာ တိုက်ခန်းပေါင်း ၁၂၃၂ ခန်းကို တည်ဆောက်ပေးခဲ့ပြီး စတုရန်းပေ ၆၅ဝ အကျယ်အဝန်းရှိ တိုက်ခန်းတစ်ခန်းလျှင် မြေညီထပ် ငွေကျပ် ၂၂၃သိန်း၊ ပထမထပ် ငွေကျပ် ၂ဝ၈သိန်း၊ ဒုတိယထပ် ငွေကျပ်၁၉၃ သိန်း၊ တတိယထပ် ငွေကျပ် ၁၇၈သိန်းနှင့် စတုတ္ထထပ် ငွေကျပ် ၁၆၃ သိန်းနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment