Pages

Tuesday, May 29, 2018

ဝေါမြို့တွင် လိုင်စင်မဲ့ယာဉ် ခြောက်စီးဖမ်းဆီးရမိ ယာဉ်မောင်းများ ထွက်ပြေးလွတ်မြောက်



ဝေါ ၂၉-၅-၂ဝ၁၈

ပဲခူးခရိုင် ဝေါမြို့နယ် ရန်ကုန်မော်လမြိုင် ကားလမ်းမကြီးတွင် တရားမဝင်တင်သွင်း မောင်းနှင်လာသော လိုင်စင်မဲ့ ယာဉ်ခြောက်စီးကို ဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းများ ထွက်ပြေး လွတ်မြောက်သွားကြောင်း ဝေါမြို့မရဲ တပ်ဖွဲ့စခန်းမှ သိရသည်။

ဝေါမြို့အဝင်တွင် မေ ၂၇ ရက် မွန်းတည့် ၁၂နာရီခန့်က မော်လမြိုင်ဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသော Toyota Crown ယာဉ် နှစ်စီး၊ Honda Fit သုံးစီးနှင့် Toyota Noah တစ်စီးစုစုပေါင်း ခြောက်စီးတို့ကို သတင်းအရ အဖွဲ့ပေါင်းစုံဖြင့် တားဆီးစစ်ဆေးရာ ယာဉ်မောင်းများ ထွက်ပြေးခဲ့သဖြင့် ကားသော့တန်းလန်းနှင့် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

"သတင်းအရ ကျွန်တော်တို့ အဖွဲ့စုံနဲ့ ကျိုက်ထိုဘက်က ဘုရားကြီးမြို့ဘက်ကို မောင်းနှင်နေတဲ့ ယာဉ်တွေ စစ်ဆေးနေတုန်းမှာ ယာဉ်နှစ်စီးကို တားဆီးနေတုန်း ယာဉ်မောင်းတွေက ကားထားပြီး ထွက်ပြေးသွားပါတယ်။ သူတို့အုပ်စုနဲ့ အတူပါလာတဲ့ ကျန်လိုင်စင်မဲ့ ကားလေးစီးကလဲ မလှမ်းမကမ်းမှာ ကားထားပြီး လူလွတ်အောင် ထွက်ပြေး သွားကြပါတယ်"ဟု ဝေါမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ် ရဲလွင်က ပြောပြသည်။

လက်ရှိတွင် လိုင်စင်မဲ့ယာဉ်များ မောင်းနှင်လာပြီး ထွက်ပြေး လွတ်မြောက်သွားသော ယာဉ်မောင်းများကို ဖမ်းဆီးအရေးယူ နိုင်ရေးလိုက်လံ စုံစမ်းလျက်ရှိကြောင်း သိရသည်။ ထို့ပြင် ဖမ်းဆီးထား သောယာဉ်များကိုလည်း ပို့ကုန်၊ သွင်းကုန် ဥပဒေ ပုဒ်မ-၈/၁ဝ ဖြင့် အမှုဖွင့်အရေးယူ နိုင်ရေးယာဉ်တွင် ပါသော အမှတ်အသားများဖြင့် တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနသို့ ပေးပို့ စစ်ဆေးခြင်းများ ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment