Pages

Tuesday, May 29, 2018

ဆင်းရဲမှု လျှော့ချရေးအတွက် ပုပ္ပားဒေသရှိ ကျေးရွာပေါင်း ၅ဝ တွင် CFI တည်ထောင်မှု အောင်မြင်



ကျောက်ပန်းတောင်း ၂၉-၅-၂ဝ၁၈

မန္တလေးတိုင်း ဒေသကြီး ကျောက်ပန်းတောင်း မြို့နယ် ပုပ္ပားဒေသရှိ ကျေးရွာပေါင်း ၅ဝတွင် ဒေသခံပြည်သူ ဆင်းရဲမှုလျှော့ချရေး သစ်တောဦးစီးဌာနနှင့် ပုပ္ပားတောင်ချစ်သူများ အသင်းပူးပေါင်း၍ ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တော CFI တည်ထောင်မှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် လက်ရှိချိန်ထိ ဧကပေါင်း ၈ဝဝ ကျော်တည်ထောင် ပြီးအောင်မြင်မှု ရှိကြောင်း ပုပ္ပားတောင်ချစ်သူများ အသင်းထံမှ သိရသည်။

ပုပ္ပားတောင် ချစ်သူများအသင်း အနေဖြင့် ပုပ္ပားတောင်ဒေသ စိမ်းလန်းစိုပြည်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရေရှည်တည်တံ့ နိုင်ရေးအတွက် သစ်တောများ ထိန်းသိမ်းခြင်း၊ ပုပ္ပားဒေသရှိ ဒေသခံပြည်သူများအစုအဖွဲ့ပိုင် သစ်တောတည်ထောင် ခြင်းဖြင့် အကျိုးစီးပွား ဖြစ်ထွန်းစေရေးအတွက် အစုအဖွဲ့ ပိုင်သစ်တော တည်ထောင်ခြင်းဆိုင်ရာ အသိပညာပေးခြင်းများ ပြုလုပ်လျက်ရှိသည်။

"ကျွန်တော်တို့ ပုပ္ပားဒေသမှာ ရှိတဲ့ကျေးရွာနေ ဒေသခံပြည်သူတွေ ဆင်းရဲမှု လျှော့ချရေးအတွက် သစ်တောဦးစီးဌာနနဲ့ ပုပ္ပားတောင် ချစ်သူများအသင်း ပူးပေါင်းပြီး ပုပ္ပားဒေသမှာရှိတဲ့ ကျေးရွာပေါင်း ၅ဝမှာ ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တော မနှစ်ကဆိုရင် ဧက ၂ဝဝ လောက် ဖော်ဆောင် နိုင်ခဲ့ပါတယ်။ ဒီနှစ်တော့ ဧက ၆ဝဝ လောက်ရှိတယ်။ စုစုပေါင်း ဧက ၈ဝဝလောက် အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့ပါတယ်"ဟု ပုပ္ပားတောင်ချစ်သူများအသင်းမှ အတွင်းရေးမှူး ဦးအောင်ဟိန်းက ပြောပြသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန အနေဖြင့် ကျေးလက်ဒေသ ဆင်းရဲမှုကို လျှော့ချရန် ရေရှည်တည်တံ့ စေသော သစ်တောထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများ ကိုယ်တိုင် မိမိတို့ပတ်ဝန်းကျင် ရှိသစ်တောများကို စီမံအုပ်ချုပ်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင် တည်ငြိမ်မှုနှင့် ဂေဟစနစ်မျှတမှုကို ထိန်းသိမ်းနိုင်ရုံ သာမက ဝင်ငွေရရှိလာ စေပြီးလူနေမှု အဆင့်အတန်း မြင့်မားလာစေရန်တို့အတွက် ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောများကို နှစ်စဉ်တိုးချဲ့ တည်ထောင်လျက် ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment