Pages

Tuesday, May 29, 2018

မန္တလေးမြို့ ကစားကွင်းတစ်ခုတွင် ဓားရှည်နှင့် ခြိမ်းခြောက်၍ ငွေနှင့်ဖုန်းများ ယူဆောင်သွားသူများကို နာရီပိုင်းအတွင်း ဖမ်းဆီးရမိ



မန္တလေး ၂၉-၅-၂ဝ၁၈

မန္တလေး ချမ်းအေးသာစံ မြို့နယ်အတွင်းရှိ ကလေးကစားကွင်း တစ်ခုတွင် Mask များ တပ်ထားသည့် လူများက ဓားရှည်များနှင့် ခြိမ်းခြောက်ကာ ငွေနှင့်ဖုန်းများ ယူဆောင်သွားမှု မေ ၂၇ရက် ည ၉ နာရီခန့်က ဖြစ်ပွားခဲ့ရာ ပြစ်မှုကျူးလွန်သူများကို ရဲတပ်ဖွဲ့က နာရီပိုင်းအတွင်း စုံစမ်းဖော်ထုတ် ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

မန္တလေး ချမ်းအေးသာစံ မြို့နယ်ရှိ ကလေးကစား ကွင်းတစ်ခုတွင် မေ ၂၇ရက် ည ၉နာရီခန့်က Mask များတပ်ထားသည့် အမည်မသိ အမျိုးသားလေးဦးက ဓားရှည်နှစ်ချောင်းဖြင့် ကစားကွင်းဝန်ထမ်းများကို ခြိမ်းခြောက်ကာ ကောင်တာအတွင်းမှ ငွေကျပ် ၇၅ဝဝဝနှင့် ဟန်းဖုန်းမျိုးစုံ ရှစ်လုံးတို့ကို ယူဆောင်ကာ ဆိုင်ကယ်နှစ်စီးဖြင့် ပြန်လည်ထွက်ခွာ သွားခဲ့သည်။

ထို့နောက် ဆိုင်မန်နေဂျာ ကအမှတ် (၈) မြို့မရဲစခန်းသို့ အကြောင်းကြားရာ ရဲအုပ်ထင်လင်းကျော်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ ခရိုင်မှုခင်းအကူ ဌာနစိတ်မှ ရဲအုပ် အောင်ကိုဝင်းနှင့် အဖွဲ့တို့ပူးပေါင်း၍ ပြစ်မှုကျူးလွန်သူများကို အမြန်ဆုံး ဖမ်းဆီးရမိရေး လိုအပ်သည့် စုံစမ်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြရာ ပြစ်မှုကျူးလွန်ခဲ့သူ များသည် ပြည်ကြီးတံခွန်မြို့နယ် (ခ) ရပ်ကွက် ၇၆လမ်းနှင့်ပျူစောထီး လမ်းထောင့်တွင် ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် ချမ်းအေး သာစံမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းနိုင်၊ ပြည်ကြီးတံခွန်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင်တို့ ဦးစီးပြီး အမှတ်(၈) မြို့မရဲစခန်း စခန်းမှူး ဒုတိယရဲမှူးခင်မောင်သိန်း၊ ရဲအုပ်ထင်လင်းကျော်နှင့် အဖွဲ့၊ ခရိုင်မှုခင်း အကူဌာနစိတ်မှ ရဲအုပ်အောင်ကိုဝင်း နှင့်အဖွဲ့တို့ပူးပေါင်း၍ သွားရောက် ဖမ်းဆီးခဲ့ရာ အေးသောင်းပြုံး (ခ) ဖိုက်တာ (ဘ) ဦးပြုံး မဟာအောင်မြေ မြို့နယ်၊ အာကာကျော် (ခ) တရုတ်ကြီး (ဘ) ဦးတင်စိန် မဟာအောင်မြေမြို့နယ်၊ ရဲဝင်းနိုင်(ခ)ရဲကြီး (ဘ) ဦးသန်းနိုင် ချမ်းအေးသာစံမြို့နယ်၊ နေလင်းထက် (ဘ)ဦးစိန်သောင်း ချမ်းအေးသာစံ မြို့နယ်နေသူတို့ လေးဦးကို သက်သေခံပစ္စည်းများ နှင့်အတူ ည ၁၁နာရီခန့်တွင် ဖမ်းဆီး ရမိခဲ့သည်။

ဖမ်းဆီးရမိသူများကို စစ်ဆေး ဖော်ထုတ်ချက်အရ ၎င်းတို့နှင့်အတူ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူများ ဖြစ်သည့် ပြည့်စုံ(ဘ)ဦးအောင်မင်း ချမ်းအေးသာစံမြို့နယ်၊ ဇော်လှိုင်း (ဘ) ဦးအောင်ပွင့် ချမ်းအေးသာစံမြို့နယ်၊ ဟိန်းထက်(ဘ) ဦးတင်စိန် မဟာအောင်မြေ မြို့နယ်နေသူတို့ သုံးဦးကို ည ၁၁နာရီ ၁၅မိနစ်တွင် ထပ်မံဖမ်းဆီး ရမိခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဆိုင်မန်နေဂျာက တရားလိုပြုလုပ် တိုင်တန်းခဲ့ရာ ပြစ်မှုကျူးလွန်သူ ခုနစ်ဦးကို အမှတ် (၈) မြို့မရဲစခန်းက (ပ) ၂၉၁/၂ဝ၁၈၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ၃၈၆/၁၁၄ဖြင့်လည်းကောင်း၊ အေးသောင်းပြုံး (ခ)ဖိုက်တာ ကို(ပ)၂၉၂/၂ဝ၁၈၊ လက်နက်ပုဒ်မ၁၉ (င) ဖြင့် လည်းကောင်း၊ အာကာကျော် (ခ)တရုတ်ကြီးကို (ပ)၂၉၃/၂ဝ၁၈၊ လက်နက်ပုဒ်မ ၁၉(င) ဖြင့်လည်းကောင်း အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment