Pages

Friday, April 27, 2018

YBS ယာဉ်လိုင်းများတွင် ရှယ်ယာဝင်ရန် ရှယ်ယာကန့်သတ် ထားခြင်းမရှိ အစုရှယ်ယာတစ်ခုလျှင် ငွေကျပ် တစ်သိန်းဖြင့် ရောင်းချပေးနေ



ရန်ကုန် ၂၇-၄-၂ဝ၁၈

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများတွင် အစုရှယ်ယာဝယ်ယူရန် အရေအတွက်ကန့်သတ် ထားခြင်းမရှိဘဲ အစုရှယ်ယာတစ်ခုလျှင် ငွေကျပ် တစ်သိန်းနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း ရန်ကုန်ဘတ်စ်ကား အများနှင့် သက်ဆိုင်သော ကုမ္ပဏီ(YBPC) ဥက္ကဋ္ဌ ဒေါက်တာ မောင်အောင်ထံမှ သိရသည်။

အဆိုပါကုမ္ပဏီတွင် ပုဂ္ဂလိကရှယ်ယာ ဝင်ထားသည့် အစုရှယ်ယာပေါင်း ၁၈ဝဝ ကျော်ရှိကာ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးစနစ် အဆင့်မြှင့်တင်နိုင်ရန် လိုအပ်သောအစုရှယ်ယာ များအား ခေါ်ယူထားပြီး ရန်ကုန်တိုင်း ဒေသကြီးအစိုးရ အဖွဲ့ကလည်း ရှယ်ယာထည့်ဝင် ထားကြောင်း သိရသည်။ ရန်ကုန်တိုင်း ဒေသကြီးအစိုးရ အဖွဲ့၏ ရှယ်ယာ ထည့်ဝင်မှုတွင် ကနဦး YBS ဘတ်စ်ကားစီးရေ ၅ဝဝ အတွက်ငွေကျပ် ၃၅ ဘီလီယံထည့်ဝင်ခဲ့ပြီး ယခုထပ်မံ၍ ငွေကျပ် ၁ ဒသမ ၇၄၂၄ ဘီလီယံ ရှယ်ယာထည့်ဝင် ထားကြောင်း သိရသည်။

''သယ်ယူပို့ဆောင်ရေး တိုးမြှင့်တဲ့နေရာမှာ ထိရောက်စွာ လုပ်ဆောင်နိုင်ဖို့ အစုရှယ်ယာထည့်ဝင်ဖို့ လိုအပ်ပါတယ်။ လတ်တလောမှာ အစုရှယ်ယာတွေနဲ့ ပတ်သက်ပြီး ကန့်သတ်ထားတာမျိုး မရှိပါဘူး။ တဖြည်းဖြည်းတော့ သယ်ယူပို့ဆောင်ရေး စနစ်တွေ အဆင့်မြှင့်တင်ဖို့ ဆောင်ရွက်သွားမှာပါ'' ဟု ဒေါက်တာမောင်အောင် ကပြောသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့အနေဖြင့် ဒဂုံ (ရှေ့ပိုင်း) မြို့နယ် မင်းရဲကျော်စွာ လမ်းဘေးရှိ အမှတ် ( ၁၁၈၊၁၁၉၊ ၁၂ဝ၊ ၁၂၁/အေ-၁၂၂) ရှိ မြေဧက၂ဝ ကို ရှယ်ယာ ထည့်ဝင်ထားပြီး လက်ရှိတွင် ဘတ်စ်ကားလိုင်းများ အတွင်းရှိ မော်တော်ယာဉ်များအား ခေတ်မီအဆင့်မြင့် မော်တော်ယာဉ်များဖြင့် အစားထိုးပြေးဆွဲ ပေးလျက်ရှိသည်။ ထို့ပြင် ဘတ်စ်ကား မှတ်တိုင်များ၊ ပလက်ဖောင်းများ ကိုလည်း အဆင့်မြှင့်တင် ဆောင်ရွက်နေပြီး မကြာမီ ကာလအတွင်း YBS ယာဉ်လိုင်းတချို့ရှိ မီနီဘတ်စ်ယာဉ်များ နေရာတွင် ခရီးသည်တင် ယာဉ်ကြီးများဖြင့် အစားထိုးပြေးဆွဲ ပေးမည်ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment