Pages

Friday, April 27, 2018

တနင်္သာရီတိုင်း ဒေသကြီးအတွင်း ပြန်လည်သိမ်းယူမည့် ဆီအုန်းစိုက်ပျိုးမြေများကို တိကျမှန်ကန်မှုရှိ မရှိ စစ်ဆေးပြီးပါက အတည်ပြု ထုတ်ပြန်ပေးမည်



မြိတ် ၂၇-၄-၂ဝ၁၈

တနင်္သာရီတိုင်း ဒေသကြီးအတွင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) မှ မူလခွင့်ပြုထားသည့် ဆီအုန်းစိုက်ပျိုး မြေများအနက်မှ ပြန်လည်သိမ်းယူမည့် ဆီအုန်း စိုက်ပျိုးမြေများ တိကျမှန်ကန်မှုရှိ၊ မရှိကို တိုင်းဒေသကြီး အစိုးရမှ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ပြီးပါက အတည်ပြု ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးထံမှ သိရသည်။

''တနင်္သာရီတိုင်း ဒေသကြီးရဲ့ ဆီအုန်းနဲ့ ပတ်သက်ပြီး မူလခွင့်ပြု ထားတဲ့ပမာဏရှိတယ်။ ပြန်သိမ်းသင့်တဲ့ ပမာဏရှိတယ်။ အဲဒီအပိုင်းမှာ တိုင်းဒေသကြီး အစိုးရက ပိုသေချာအောင် ထပ်ပြီးအတည်ပြု စစ်ဆေးချင်တယ်ဆိုလို့ MIC ရဲ့ ပြန်သိမ်းမယ့် ပမာဏနဲ့ ဆက်လက်ခွင့်ပြုမယ့် ပမာဏကို ပိုတိကျတဲ့ ပမာဏထွက်ရှိအောင် စစ်ဆေးဖို့ တိုင်းဒေသကြီးအစိုးရကို လွှဲပြောင်းထားပါတယ်'' ဟု ဦးအောင်နိုင်ဦးက ပြောသည်။

တနင်္သာရီတိုင်းဒေသကြီး အတွင်း MIC မှ ဆီအုန်းစိုက်ပျိုးခွင့် ပြုထားသည့် လုပ်ငန်းငါးခုရှိပြီး အဆိုပါလုပ်ငန်းများကို ဆက်လက်လုပ်ကိုင် ခွင့်ပြုရန်သင့်၊ မသင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ကွင်းဆင်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပြန်လည်သိမ်းယူရမည့် အခြေအနေ ရှိသည့်အတွက် ပြန်လည်သိမ်းယူရန် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

ပြန်လည် သိမ်းယူသင့်သည့် မြေပမာဏနှင့် ဆက်လက်ခွင့်ပြုမည့် ပမာဏမှာ ထွက်ရှိနေပြီ ဖြစ်သော်လည်း ပိုမိုတိကျ မှန်ကန်သော အဖြေထွက်ပေါ် နိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရမှ ကွင်းဆင်းစစ်ဆေးမည် ဖြစ်ကာအတည်ပြုချက် ရရှိပြီးမှသာ ပြန်လည်သိမ်းယူရမည့် မြေပမာဏကို ထုတ်ပြန်ပေးမည် ဖြစ်သည်။

ယခုကဲ့သို့ တိုင်းဒေသကြီး အစိုးရ၏ စစ်ဆေးမှုများ အမြန်ဆုံးဆောင်ရွက် ပေးနိုင်ရန် MIC အနေဖြင့် နှိုးဆော်စာများ ပေးပို့ထားကြောင်း သိရသည်။ MIC အနေဖြင့် မူလကဲ့သို့ ဆီအုန်းစိုက်ပျိုးမြေများ ခွင့်ပြုပေးတော့မည် မဟုတ်ဘဲ ဆီအုန်းစိုက်ပျိုးသင့်သည့် မြေနေရာများကိုသာ စိုက်ပျိုးခွင့် ပြုမည်ဖြစ်ပြီး စိုက်ပျိုးရန် မသင့်သည့် မြေနေရာများကို ပြန်လည်သိမ်းဆည်း နိုင်ရန်ဆောင်ရွက် နေခြင်းဖြစ်သည်။

လက်ရှိတွင် တနင်္သာရီတိုင်း ဒေသကြီးအတွင်း မြန်မာနိုင်ငံသား ကုမ္ပဏီဖြစ်သည့် Shwe Kanbawza Company Limited နှင့် နိုင်ငံခြားသား ကုမ္ပဏီလေးခု ဖြစ်သည့် Myanmar Auto Corporation (MAC)၊ Myanmar Royal Prestige Plantation Co.,Ltd.၊ Myanmar Stark Prestige Plantation Co.,Ltd.၊ Srisuban Myanmar Co.,Ltd. တို့ကို MIC မှ ဆီအုန်းစိုက်ပျိုးခွင့် ခွင့်ပြုထားကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment