Pages

Friday, April 27, 2018

မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ စံချိန်မီ တစ်မတ်သား ရွှေဒင်္ဂါးကို ပုံစံသစ်ဖြင့် ရောင်းချမည်



နေပြည်တော် ၂၇-၄-၂ဝ၁၈

မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် တစ်ကျပ်သား၊ ငါးမူးသား၊ တစ်မတ်သား စံချိန်မီ ရွှေဒင်္ဂါးများကို ၁၉၉၁ ခုနှစ်မှ စတင်ထုတ်ဝေခဲ့သည်။ စံချိန်မီရွှေဒင်္ဂါးများတွင် တစ်ကျပ်သား ရွှေဒင်္ဂါး၏ မျက်နှာပိုင်းဗဟိုတွင် ကြယ်တစ်ပွင့်ပုံ၊ ငါးမူးသား ရွှေဒင်္ဂါး၏ မျက်နှာပိုင်းဗဟိုတွင် လယ်ထွန်သောပုံ၊ တစ်မတ်သား ရွေဒင်္ဂါး၏ မျက်နှာပိုင်း ဗဟိုတွင် သစ်ဆွဲနေသောဆင်ပုံများ သွန်းလောင်းထားသည်။

ယခုအခါ ပြည်သူများ ဝယ်ယူမှုများပြားသော တစ်မတ်သားရွှေဒင်္ဂါးမှာ လက်ကျန်မရှိတော့သဖြင့် အသစ်သွန်းလောင်းထုတ်ဝေမည် ဖြစ်သည်။ အသစ်သွန်းလောင်းသည့် တစ်မတ် သားရွှေဒင်္ဂါး၏ အချင်းမှာ ၁၈ ဒသမ ဝ မီလီ မီတာ၊ အထူမှာ ၁ ဒသမ ဝ မီလီမီတာရှိသည်။ ဒင်္ဂါး၏မျက်နှာပိုင်းဗဟိုတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံနှင့် ပုံ၏အောက်တွင် Aung San အမည်ပါရှိသည်။

ဒင်္ဂါး၏ အနားပတ်လည်တွင် "Central Bank of Myanmar" ၊ "4.082 gm 999.9 Fine Gold" ဟု အင်္ဂလိပ်စာလုံးဖြင့် ဖော်ပြထားပြီး တခြားတစ်ဖက်မျက်နှာပြင်တွင် ''မြန်မာနိုင်ငံတော် ဗဟိုဘဏ် ၂ဝ၁၈၊ တစ်မတ်သား၊ ၉၉၉.၉ သန့်စင်ရွှေ'' ဟု မြန်မာစာလုံးဖြင့် ဖော်ပြထားသည်။

တစ်မတ်သားရွှေဒင်္ဂါး ဝယ်ယူသည့်အခါ ရွှေဒင်္ဂါးပြားနှင့်အတူ ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် သွန်းလောင်းသည့် ဌာနအကြီးအကဲတို့၏ မှန်ကန်ကြောင်း ထောက်ခံချက်များ တစ်ပေါင်း တည်း ပါရှိမည်ဖြစ်သည်။ တစ်မတ်သား ရွှေဒင်္ဂါးပြားကို မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၏ အရောင်း ဆိုင်များ (နေပြည်တော်၊ ရန်ကုန်၊ မန္တလေး)တွင် နေ့စဉ်ပေါက်ဈေးအပေါ် အလျော့တွက်နှင့် ကုန်ကျစရိတ် ငွေကျပ် ၁၂၅ဝဝ- ထပ်ပေါင်းသည့် ဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သတင်း ရရှိသည်။

#Themyawadydaily

No comments:

Post a Comment