Pages

Thursday, April 26, 2018

ထိန်ပင် အမှိုက်ပုံမီးလောင်မှု အခြေအနေပိုမိုဆိုးရွား လာပါက အနီးအနားရှိ ပြည်သူများကို ရွှေ့ပြောင်းပေးရန် စီစဉ်မည်



ရန်ကုန် ၂၆-၄-၂ဝ၁၈

ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်အမှိုက်ပုံ မီးလောင်ကျွမ်းမှု အခြေအနေပိုမို ဆိုးရွားလာပါက အနီးအနားရှိ ပြည်သူများကို ရွှေ့ပြောင်းပေးရန် စီစဉ်ပေးမည် ဖြစ်ကြောင်း လှိုင်သာယာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမင်းက ပြောကြားသည်။

"ဧပြီ ၂၄ရက်က မြို့တော်ဝန်လာပါတယ်။ လူမှုရေးဝန်ကြီး လဲပါတယ်။ ပြီးတော့ ဌာနဆိုင်ရာက လူတွေနဲ့ အစည်းအဝေးလုပ်တယ်။ ကျန်းမာရေး စောင့်ရှောက်မှု တွေပေးဖို့ပါ။ အခြေအနေအရမ်း ဆိုးလာရင်လဲ အနီးအနားက ပြည်သူတွေကို ရွှေ့ပြောင်းပေးဖို့ အစီအစဉ်တွေ ရှိပါတယ်"ဟု ဦးဝင်းမင်းက ဆက်လက် ပြောပြသည်။

အမှိုက်ပုံ မီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်နိုင်ရန် လုပ်ဆောင်နေပြီး ဧပြီ ၂၄ရက် ညနေပိုင်းအထိ မီးသတ်တပ်ဖွဲ့ဝင် အင်အား၊ စည်ပင်သာယာရေး ကော်မတီ၊ ကြက်ခြေနီ စသည့်အဖွဲ့အစည်းများအပါအဝင် အင်အား ၅ဝဝ နီးပါးဖြင့် မီးငြှိမ်းသတ်နိုင်ရေး လုပ်ဆောင်နေကြောင်း သိရသည်။

"နေရာရွှေ့ပြောင်းတာတွေ လုပ်စေချင်ပါတယ်။ ဒါပေမဲ့ အခြေအနေကိုလဲ စောင့်ကြည့်နေပါတယ်။ အခုထိတော့ မီးကလောင်နေတဲ့ အခြေအနေရှိပါတယ်။ ကလေးတွေနဲ့ လူကြီးတွေကတော့ အသက်ရှူရခက်ခဲ တာတွေရှိပါတယ်" ဟု ထိန်ပင် သုသာန်အနီးရှိ ကျုံးစုကျေးရွာတွင် နေထိုင်သည့် ဒေါ်စန်းစန်းက ပြောပြသည်။

မီးခိုးငွေ့များကြောင့် လှိုင်သာယာမြို့နယ် ဆေးရုံတွင် ဧပြီ ၂၄ရက်ထိ ဆေးရုံတက်ရောက် ကုသရသည့် လူနာ ၁၃ဦးရှိပြီး မီးလောင်ကျွမ်းမှုကြောင့် မီးခိုးညှော်နံ့များကို လှိုင်သာယာမြို့နယ် (၂ဝ)နှင့် (၁၈)ရပ်ကွက်၊ ကျုံးစု၊ ကံလှ၊ အလယ်ရွာတို့တွင် အများဆုံးခံစားနေရကြောင်း သိရသည်။

ထိန်ပင်သုသာန် အမှိုက်ပုံမှာ ဧပြီ ၂၁ ရက်က မီးစတင်လောင်ကျွမ်းခြင်း ဖြစ်ပြီး စတုရန်းဧက ၁၅ဝ ခန့်မှာ မီးလောင်ကျွမ်းနေပြီး ဧပြီ ၂၄ ရက်အထိ မီးငြှိမ်းသတ်ယာဉ် ၁၆ စီး၊ ရေသယ်ယာဉ် ၁၄စီး၊ အထောက်အကူ ပြုယာဉ်ခြောက်စီး၊ အုပ်ချုပ်မှု ယာဉ်ခြောက်စီး၊ မီးသတ်စက်ယာဉ် တစ်စီး၊ မိတ်ဖက်ယာဉ် လေးစီး၊ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်၂၁၃ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၁၁ ဦးအပါအဝင် စည်ပင်သာယာရေး ကော်မတီ၊ ကြက်ခြေနီ၊ အရပ်ဘက် အဖွဲ့အစည်းများ စုစုပေါင်းအင်အား ၅ဝဝ နီးပါးဖြင့် မီးငြှိမ်းသတ်နိုင်ရေး လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း သိရသည်။

#Themyawadydaily 

No comments:

Post a Comment