Pages

Monday, March 26, 2018

မန္တလေးမြို့သင်္ကြန်တွင် လုံခြုံရေးကျိုးပေါက်မှု မရှိစေရေး CCTV Control Room မှ ထိန်းချုပ် စောင့်ကြည့် သွားမည်



မန္တလေး ၂၆-၃-၂ဝ၁၈

မန္တလေးမြို့တော သင်္ကြန်နှင့် လမ်းလျှောက် သင်္ကြန်တို့တွင် လုံခြုံရေး ကျိုးပေါက်မှု မရှိစေရေး CCTV Control Room မှ ထိန်းချုပ်စောင့်ကြည့် သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ရင်မြင့်က ပြောပြသည်။

မန္တလေးမြို့၌ လာမည့် ဧပြီလတွင် မြန်မာ့ရိုးရာ အတာရေ သဘင်ပွဲတော် ကျင်းပပြုလုပ်တော့မည် ဖြစ်သည့်အတွက် ယခုနှစ်တွင် ပြည်တွင်းမှခရီးသွား ဧည့်သည်များ အပြင်ပြည်ပမှ ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များပါ လာရောက်လည်ပတ် ကြမည်ဖြစ်ကြောင်း၊ ထိုသို့ ပြည်ပမှခရီးသွားများ လာရောက်လည်ပတ် ကြရာတွင် ၎င်းတို့၏ လုံခြုံရေးအတွက် ကျုံးပတ်လည်ရှိ မီးပွိုင့်များတွင် တပ်ဆင်ထားသည့် CCTV ကင်မရာများဖြင့် လုံခြုံရေး ကျိုးပေါက်မှု မရှိစေရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့ ကျုံးတောင်ဘက်ခြမ်းကို ယခုနှစ်တွင် လမ်းလျှောက် သင်္ကြန်အဖြစ် ဖော်ဆောင်မည် ဖြစ်သည့်အပြင် ကျုံးအရှေ့ဘက်တွင်လည်း တောသင်္ကြန် ညဈေးကို ထပ်မံထည့်သွင်း ကျင်းပသွားမည် ဖြစ်သောကြောင့် ကျုံးပတ်လည်တွင် သင်္ကြန်ကာလအတွင်း၌ ဒုစရိုက်မှုများပါ မဖြစ်ပေါ်စေရန် မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီရုံးရှိ CCTV Control Room မှ ၂၄ နာရီ အချိန်ပြည့် စောင့်ကြည့်စစ်ဆေး သွားမည် ဖြစ်ကြောင်း သိရသည်။

"ဒီနှစ်မန္တလေး သင်္ကြန်က အရင်နှစ်တွေနဲ့စာရင် ခရီးသွားတွေ ပိုမိုစည်ကား လာနိုင်တယ်။ ဒါကြောင့် မန္တလေးသင်္ကြန်မှာ လုံခြုံရေးကို အရင်နှစ်တွေထက် တိုးချဲ့ပြီး နေရာချထား ပေးသွားမှာပါ။ မသင်္ကာစရာတွေ ဖြစ်တဲ့လက်လုပ် မိုင်းတွေ၊ တခြားသံသယ ဖြစ်စရာ ပစ္စည်းတွေကို CCTV Control Room ကနေတွေ့ခဲ့ရင်လဲ သက်ဆိုင်ရာနဲ့ ပူးပေါင်းချိတ်ဆက်ပြီး အမြန်ဆုံးဖော်ထုတ် အရေးယူသွားမှာပါ"ဟု ၎င်းက ဆက်လက်ပြောပြ၍ သိရသည်။

#Yadanarpondaily

No comments:

Post a Comment