Pages

Monday, March 26, 2018

မန္တလေးတိုင်း ဒေသကြီးအတွင်း ဒုတိယမြောက် ဝါးနက်အပန်းဖြေ ဆင်စခန်းကို မတ် ၃ဝရက်တွင် ဖွင့်လှစ်သွားမည်



မန္တလေး ၂၆-၃-၂ဝ၁၈

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်းမှ မန္တလေးတိုင်း ဒေသကြီးအတွင်း ဒုတိယမြောက် ဆင်စခန်း (ဝါးနက်အပန်းဖြေ ဆင်စခန်း) ကို မတ် ၃ဝရက် နံနက် ၉ နာရီတွင် ရဲရွာသွား ကားလမ်းဘေး ငါးမိုင်တွင် ထပ်မံဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်း (မန္တလေးတိုင်း ဒေသကြီး) အနေဖြင့် ပထမအကြိမ် အဖြစ်ယခုနှစ် ဇန်နဝါရီ ၂ဝရက်က မကျည်းအင်းကျေးရွာ ဒီးဒုတ်ဆင်စခန်းကို ဆင် ခြောက်ကောင်ဖြင့် ဖွင့်လှစ်ခဲ့ပြီး ယခုဖွင့်လှစ်မည့် ဆင်စခန်းအသစ် တွင်လည်း ဆင်ခြောက်ကောင်ဖြင့် ပြည်သူများ အပန်းဖြေနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

"မန္တလေးတိုင်း ဒေသကြီးအတွင်း ပထမဆုံး ဆင်စခန်းက ကိုးမိုင် သုံးဖာလုံမှာ ဒီးဒုတ်ဆင်စခန်း ဖွင့်ခဲ့ပါတယ်။ နွေရာသီကျောင်းပိတ်ရက် နဲ့သင်္ကြန် လဲရောက်ပြီဆိုတော့ အပန်းဖြေစခန်း ထပ်တိုးပြီး ဖွင့်တာပါ။ တောဓလေ့ စားသောက်ဆိုင် တွေလဲပါမယ်။ အပန်းဖြေလို့ရမယ့် အရိပ်တွေလဲ လုပ်ပေးသွားပါမယ်။ အပန်းဖြေစခန်း အကျယ်အဝန်းက ဧက ၁၃ဝ ကျော်ရှိပြီး အခု ဆင်ခြောက်ကောင်လဲ ရောက်ရှိလာပြီ ဖြစ်ပါတယ်။ အများပြည်သူ အပန်းဖြေ နားခိုနိုင်မယ်လို့လဲ ခန့်မှန်းထားပါတယ်။ ဌာနအနေနဲ့ ပြင်ဆင်စရိတ် ငွေကျပ် သိန်း ၁၂ဝချထား ပေးပါတယ်။ လာရောက် အပန်းဖြေသူ တွေအနေနဲ့ တစ်ဦးလျှင် ငွေကျပ် ၁ဝဝဝပေးရမှာ ဖြစ်ပါတယ်။

ဆင်စီးခအနေနဲ့ ငွေကျပ် ၃ဝဝဝ ပေးရမှာ ဖြစ်ပြီး နိုင်ငံခြားသားတွေ ကိုတော့ မြန်မာငွေကျပ် နှစ်သောင်းကောက်ခံ သွားမှာဖြစ်ပါတယ်။ မြန်မာ့ဆင်စခန်း အနေနဲ့ သစ်ထုတ်တဲ့လုပ်ငန်း လျှော့ချလိုက်တဲ့ အတွက်ဆင်များ အခန်းကဏ္ဍ ပိုနေတဲ့အတွက် လိမ္မာတဲ့ဆင်တွေကို ပြည်တွင်းမှာရှိတဲ့ ပြည်သူတွေနဲ့ နိုင်ငံခြားသားတွေကို ဆင်များရဲ့ ဓလေ့ကို သိရှိနားလည်စေဖို့ ရည်ရွယ်ဖွင့်လှစ် တာဖြစ်ပါတယ်"ဟု မန္တလေးတိုင်းဒေသကြီး မြန်မာ့သစ်လုပ်ငန်း လက်ထောက်မန်နေဂျာ ဦးဟန်ဝင်းအောင်က ပြောပြသည်။

ယခုကဲ့သို့ ဝါးနက်ဆင်စခန်း ဖွင့်လှစ်လိုက်သဖြင့် ဝါးနက်ကျေးရွာ ဒေသခံများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာကြပြီး ဝါးနက်ကျေးရွာလည်း ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သည်။

အဆိုပါဝါးနက် ကျေးရွာသည် ဆင်စခန်း ပေါင်း အခု ၂ဝ မြောက် အပန်းဖြေ ဆင်စခန်း ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment