Pages

Monday, March 5, 2018

တောင်သမန်အင်းနှင့် ပလိပ်အင်းတို့တွင် ကျက်စားနေသည့် ဒေသငှက်မျိုးစိတ်များ ဖမ်းဆီးရောင်းချမှု လျော့နည်းပပျောက် သွားစေရန် ကမ်ပိန်းပြုလုပ်သွားမည်



မန္တလေး ၅-၃-၂ဝ၁၈

တောင်သမန်အင်းနှင့် ပလိပ်အင်းတို့တွင် ကျက်စားနေသည့် ဒေသငှက်မျိုးစိတ်များကို ဖမ်းဆီးရောင်းချမှုများ လျော့နည်းပပျောက် သွားစေရန် ဒေသအဖွဲ့အစည်းများနှင့် ကမ်ပိန်းပြုလုပ်သွားမည် ဖြစ်ကြောင်း
WCSmyanmar Program (သားငှက်ထိန်းသိမ်းရေး အဖွဲ့မြန်မာနိုင်ငံ အစီစဉ်) မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ တောင်သမန်အင်းနှင့် ပလိပ်အင်းတို့တွင် ရှားပါးငှက်မျိုးစိတ်များနှင့် ဒေသငှက်မျိုးစိတ်များ ကျက်စားလျက်ရှိပြီး ၎င်းငှက်မျိုးစိတ်များ မျိုးသုဉ်းပျောက်ကွယ် သွားခြင်းများမရှိ စေရန်အတွက် သစ်တောဦးစီးဌာန WCSmyanmar Program (သားငှက်ထိန်းသိမ်းရေးအဖွဲ့ မြန်မာနိုင်ငံအစီစဉ်) နှင့် ငှက်ချစ်သူများ အသင်းတို့ပူးပေါင်း၍ ယခုနှစ်အတွင်း အသိပညာပေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

''ဒီတောင်သမန်အင်းနဲ့ ပလိပ်အင်းတွေမှာ ငှက်တွေကိုဖမ်းဆီးပြီး ရောင်းချနေတာ တွေရှိနေတယ်။ ဒါတွေကို လျော့ပါးသွားအောင် သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့စည်းတွေ ဒေသအဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားဖို့ရှိပါတယ်။ ငှက်ဖမ်းတဲ့သူတွေကတော့ တွေ့တဲ့ငှက် အကုန်ဖမ်းပါတယ်။ ဒါပေမဲ့ သူတို့ဖမ်းလိုက်တဲ့ ငှက်တွေထဲမှာ မျိုးသုဉ်းပျောက်ကွယ် လုနီးပါးဖြစ်နေတဲ့ ငှက်တွေပါနေတဲ့ အတွက်ကြောင့် အဲ့လိုတွေ ထပ်မဖြစ်အောင် ပညာပေးအနေနဲ့ ပြုလုပ်သွားမှာဖြစ်ပါတယ်'' ဟု ၎င်းက ဆက်လက်ပြောပြသည်။

မြန်မာနိုင်ငံတွင် မျိုးသုဉ်းလုနီးပါး ဖြစ်နေသည့် ငှက်မျိုးစိတ်များ ရှိနေသည့် အတွက်ကြောင့် ရှားပါးမျိုးစိတ်များ ပျောက်ကွယ်သွားမှု မရှိအောင် ဒေသခံပြည်သူများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းပါဝင်မှသာ အောင်မြင်နိုင်မည် ဖြစ်ကြောင်း သိရသည်။

''သဘာဝအတိုင်းနေတဲ့ ငှက်တွေကို ဖမ်းဆီးပြီးတော့ ငှက်တွေကို ဘေးမဲ့လွှတ်တာတွေ ရှိတယ်။ ဒါဟာမှားနေတဲ့ နည်းစနစ်တစ်ခု ဖြစ်ပါတယ်။ သဘာဝအတိုင်းနေတဲ့ ငှက်ကိုဖမ်းပြီး ဘေးမဲ့လွှတ်ဖို့ ရောင်းချနေတာတွေကို ပပျောက်သွား အောင်လုပ်ဖို့ရှိပါတယ်။ တစ်ဖက်မှာတော့ စီးပွားရေးအခြေအနေအရ ငှက်တွေဖမ်းပြီး စီးပွားရေးရုန်းကန် နေရတာတွေရှိပါတယ်။ အဓိကကတော့ ရောင်းတဲ့သူရှိလို့ ဖမ်းတဲ့သူတွေလဲရှိတာပါ''ဟု ၎င်းက ပြောပြသည်။

ယခုအချိန်တွင် ပလိပ်အင်းအတွင်း၌ ရှားပါးငှက်မျိုးစိတ် ဖြစ်သည့် ဆောင်းခိုငှက်များ၊ ဒေသတွင်း ငှက်များနှင့် ရေငှက်များ ကျက်စားလျက်ရှိကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment