Pages

Monday, March 5, 2018

စားအုန်းဆီ တင်သွင်းမှုကြောင့် ပြည်တွင်းဆီစက်များ ရပ်နားထားရ၍ နိုင်ငံ၏စီးပွားရေး ကဏ္ဍတွင် ဒေါ်လာသန်းပေါင်းများစွာ ဆုံးရှုံးနေဟုဆို



မန္တလေး ၅-၃-၂ဝ၁၈

ပြည်ပမှ စားအုန်းဆီ တင်သွင်းမှုကြောင့် ပြည်တွင်းရှိ ဆီစက်များ ရပ်နားထားရ၍ နိုင်ငံ၏ စီးပွားရေး ကဏ္ဍတွင် တစ်နှစ်လျှင် အမေရိကန် ဒေါ်လာသန်း ၅ဝဝ ခန့်ဆုံးရှုံးနေကြောင်း မန္တလေးတိုင်း ဒေသကြီး ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးကိုကြီးက ဖေဖော်ဝါရီ ၂၈ ရက် နံနက်ပိုင်းက Mandalay Karaweik Mobile Hotel ၌ ပြုလုပ်သော နယ်စပ်ကုန်သွယ်ရေး အခွင့်အလမ်းနှင့် စိန်ခေါ်မှုများ စကားဝိုင်းတွင် ပြောပြ၍ သိရသည်။

ပြည်ပမှ စားအုန်းဆီကို တစ်လလျှင်တန်ချိန်ပေါင်း ငါးသောင်းမှ ခုနစ်သောင်းထိ တင်သွင်းနေကြောင်း၊ ထိုကဲ့သို့ တင်သွင်းမှုကြောင့် ပြည်တွင်းမှ ဆီစက်များ ရပ်နားထားရသဖြင့် တိရစ္ဆာန် အစာမထုတ်လုပ်နိုင်ဘဲ ပြည်ပမှတိရစ္ဆာန်အစာအတွက် တစ်လလျှင် တန်ချိန် ငါးသိန်းတင်သွင်း နေရကြောင်း၊ စားအုန်းဆီတင်သွင်းမှု အတွက် ယခုဘဏ္ဍာနှစ် ဖေဖော်ဝါရီ ၂ရက်ထိ စာရင်းများအရ အမေရိကန်ဒေါ်လာ ၄၇၇ ဒသမ ၈၉၉သန်းကို အသုံးပြု၍ တိရစ္ဆာန်အစာအတွက် အမေရိကန် ဒေါ်လာသန်း ၂ဝဝခန့် အသုံးပြုနေရကြောင်း သိရသည်။

"မြန်မာတစ်နိုင်ငံလုံးမှာ ဆီစက် ၃ဝဝဝ လောက်ရှိပေမယ့် လက်ရှိ ၈ဝ ရာခိုင်နှုန်းလောက် ရပ်နားထားရတယ်။ ဘာကြောင့်လဲဆိုရင် ဆယ်စုနှစ် သုံးခုလောက်ကနေ တင်သွင်းလာတဲ့ စာအုန်းဆီကြောင့်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ဘူး။ ဆီစက်တွေမလည်တော့ တိရစ္ဆာန် အစာဖြစ်တဲ့ ကြိတ်ဖတ်၊ ပဲဖတ်တွေ မထွက်တော့ဘူး။ ဆီထွက်သီးနှံကို ပြည်ပပို့တာက တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၂ဝ၅သန်းလောက်ပဲ ပြန်ဝင်တယ်။ တွက်ကြည့်ရင် ကျွန်တော်တို့နိုင်ငံက အမေရိကန်ဒေါ်လာသန်း ၅ဝဝ လောက် ဆုံးရှုံးနေပါတယ်"ဟု၎င်းက ဆက်လက်ပြောပြသည်။

ပြည်တွင်းရှိ ဆီစက်များ ပြန်လည်လည်ပတ်နိုင်ရန် နိုင်ငံတော်အစိုးရက ဆီစက်လုပ်ငန်းရှင်များအတွက် မူဝါဒများချမှတ်ပေး ထားသော်လည်း ဆီစက်ပိုင်ရှင်များက ၎င်းတို့အတွက် အဓိကလိုအပ်သည့် မူဝါဒကိုသာ ပြောင်းလဲပေးရန် တောင်းဆိုထားကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment