Pages

Monday, March 5, 2018

စက်မှုလက်မှု နည်းပညာ ကျွမ်းကျင်လုပ်သား ဒုတိယစီမံချက်အတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ သုံးသိန်းကျော် တိုးမြှင့် အသုံးပြုမည်



ရန်ကုန် ၅-၃-၂ဝ၁၈

မြန်မာနိုင်ငံအတွင်း စက်မှုလက်မှု နည်းပညာကျွမ်းကျင် လုပ်သားများ တိုးတက်ဖွံ့ဖြိုးရေး အတွက် ဒုတိယစီမံချက်တွင် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃၈ဝဝဝဝ အသုံးပြုမည် ဖြစ်ကြောင်း PTTEP Myanmar ၏ ဒုတိယဥက္ကဋ္ဌ Mr. Sermsak Satchawannakul ထံမှ သိရသည်။

စက်မှုလက်မှုနည်းပညာ ကျွမ်းကျင်လုပ်သားများ တိုးတက်ဖွံ့ဖြိုးရေး အတွက်ဒုတိယ စီမံချက်အနေဖြင့် ၂ဝ၁၈ ခုနှစ်မှ ၂ဝ၂၂ ခုနှစ်အထိ ငါးနှစ်တာဆောင်ရွက်မည် ဖြစ်ပြီး စီမံကိန်းပထမအဆင့်ကို ၂ဝ၁၅ ခုနှစ်မှ ၂ဝ၁၇ ခုနှစ်အထိ ဆောင်ရွက်ခဲ့သည်။

ယင်းစီမံကိန်းတွင် ဂဟေဆော်လုပ်ငန်း၊ လေအေးပေးစက် တပ်ဆင်ခြင်းနှင့် ပြုပြင်ခြင်းလုပ်ငန်း စသည့်လျှပ်စစ်ဆိုင်ရာ သင်တန်းပေါင်း ၂၅ ခုတွင် မြန်မာနိုင်ငံသား ၇၆၃ ဦး တက်ရောက်ခဲ့ပြီး ယင်းအနက်မှ လူဦးရေ ၁၅ဝ သာ မြန်မာလုပ်သားများ ကျွမ်းကျင်မှု စံသတ်မှတ် ပြဋ္ဌာန်းအဖွဲ့ (NSSA) ၏ စစ်ဆေးမှုကို အောင်မြင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် တိုးတက်လာမည့် စီးပွားရေး အရှိန်အဟုန် လျင်မြန်စေရန် ပြည်တွင်းကျွမ်းကျင် လုပ်သားများစွာ လိုအပ်မည်ဖြစ်ပြီး ယင်းတို့ကို ဖြည့်ဆည်းပေးနိုင်ရန် ဆောင်ရွက်ပေးသည့် စီမံချက်ဖြစ်သည်။

နိုင်ငံခြားသား ကျွမ်းကျင်လုပ်သားများ ငှားရမ်းရမည် ဆိုပါက အကျိုးဆက်အနေဖြင့် ပြည်တွင်း လုပ်သားများမှာ အလုပ်အကိုင် အခွင့်အလမ်း အပြည့်အဝရရှိမည် မဟုတ်သဖြင့် ပြည်တွင်းကျွမ်းကျင် လုပ်သားများစွာ မွေးထုတ် ပေးနိုင်ရန် စီစဉ်ဆောင်ရွက်နေခြင်း ဖြစ်သည်။ စက်မှုလက်မှု နည်းပညာစွမ်းရည် တည်ဆောက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်ကို ၂ဝ၁၅ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် စီမံကိန်း သုံးနှစ်တာ ကာလအတွင်း အမေရိကန်ဒေါ်လာ ၁၆၁၇ဝ၈ ဒေါ်လာကို လုပ်သားကျွမ်းကျင်မှု လေ့ကျင့်ရေး စင်တာ၏ ဂဟေဆော်နှင့် လေအေးပေးစက်ရုံများ အတွက် စက်ပစ္စည်း ကိရိယာအသစ်များ၊လုပ်သားကျွမ်းကျင်မှု စံသတ်မှတ်ပြဋ္ဌာန်းရေး အဖွဲ့၏ စစ်ဆေးအကဲဖြတ်မှု ကြေးများအတွက် အသုံးပြုခဲ့သည်။ ထို့ပြင် ယင်းစီမံကိန်း သုံးနှစ်တာကာလအတွင်း သင်တန်းသားများ၏ သင်တန်းကြေးများကိုလည်း ထည့်သွင်းပေးခဲ့ပြီး လက်ရှိတွင် စီမံကိန်းဒုတိယ အဆင့်အနေဖြင့် သုံးစွဲမည့် ရန်ပုံငွေကိုလည်း ပထမအဆင့်ထက် တိုးမြှင့်အသုံးပြု မည်ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment