Pages

Friday, February 23, 2018

ပဲခူးမြစ်ဝှမ်း ရေအရည်အသွေး ထိန်းသိမ်းရေးနှင့် ပတ်သက်၍ ရေနမူနာများကို ဓာတ်ခွဲစမ်းသပ် စစ်ဆေးနေ



ပဲခူး ၂၃-၂-၂ဝ၁၈

မြန်မာနိုင်ငံ အောက်ပိုင်းဒေသရှိ ပဲခူးမြစ်ဝှမ်း ရေအရည်အသွေး ထိန်းသိမ်းရေးနှင့် ပတ်သက်၍ ရေနမူနာများကို ဓာတ်ခွဲစမ်းသပ် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန သစ်တောဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ တိုးအောင်ထံမှ သိရသည်။

ပြည်တွင်း၌ ဆောင်ရွက်နေသည့် မြန်မာနော်ဝေ ပတ်ဝန်းကျင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် တစ်ရပ်အဖြစ် ပဲခူးမြစ်ဝှမ်း ရေအရည်အသွေး ထိန်းသိမ်းရေးနှင့် ပတ်သက်ပြီး ရေနမူနာများကို ဓာတ်ခွဲစမ်းသပ် စစ်ဆေးမှုများ ဆောင်ရွက်နေခြင်း ဖြစ်သည်။

မြန်မာ-နော်ဝေ ပတ်ဝန်းကျင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်တွင် ရေသယံဇာတ အရင်းအမြစ်များ ဘက်စုံစီမံခန့်ခွဲမှု ဆိုင်ရာစီမံကိန်းလည်း ပါဝင်ပြီး ရေသယံဇာတ အရင်းအမြစ် ထိန်းသိမ်းရေး နှင့်ပတ်သက်၍ မြစ်အဖြစ် ပဲခူးမြစ်ကို လည်းကောင်း၊ ကန်အဖြစ် အင်းလေးကန်ကို လည်းကောင်း အဓိကထား ဆောင်ရွက်နေခြင်း ဖြစ်သည်။

အဆိုပါ ပဲခူးမြစ်ကို ထိန်းသိမ်း စောင့်ရှောက်ရေးနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး အစိုးရအဖွဲ့မှတာဝန်ရှိသူများ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် ကျွမ်းကျင်ပညာရှင်များ ပူးပေါင်းကာ ဒေသခံပြည်သူများအား ဖိတ်ခေါ်ပြီး အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတကာတွင် မြစ်ချောင်း အင်းအိုင်များကို အလှကြည့်ရှု ခံစားနိုင်စေရန် ဂရုတစိုက်ထိန်းသိမ်း စောင့်ရှောက် ကြသော်လည်း ပြည်တွင်း၌ မြစ်ချောင်း အင်းအိုင်များအား အညစ်အကြေးစွန့်ပစ်သော နေရာများအဖြစ် သဘောထားတတ်ကြောင်း သိရသည်။

ပြည်တွင်း၌ မြန်မာ-နော်ဝေ ပတ်ဝန်းကျင် ဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုကို သုံးနှစ် စီမံကိန်းအဖြစ် အကောင်အထည် ဖော်ဆောင်ရွက် လျက်ရှိပြီး ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ စီမံခန့်ခွဲမှု၊ ရေသယံဇာတ အရင်းအမြစ်များ ဘက်စုံစီမံခန့်ခွဲမှု၊ ဘေးအန္တရာယ် ရှိသောစွန့်ပစ် ပစ္စည်းများအား စီမံခန့်ခွဲမှု စသည့် စီမံကိန်းသုံးခုအတွက် နော်ဝေနိုင်ငံမှ ပံ့ပိုးကူညီလျက်ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment