Pages

Friday, February 23, 2018

ဒုဋ္ဌဝတီမြစ်ဘေးရှိ အပန်းဖြေစခန်းများကို အခွန်နှင့် ဒဏ်ကြေး ပေးဆောင်ပြီးမှသာ တရားဝင်ဖွင့်လှစ်ခွင့် ပေးရန်လျာထား



မန္တလေး ၂၃-၂-၂ဝ၁၈

ဒုဋ္ဌဝတီမြစ်ဘေးရှိ အပန်းဖြေစခန်းများကို အခွန်နှင့် ဒဏ်ကြေးများအား လုံးပေးဆောင်ပြီးမှသာ တရားဝင်ဖွင့်လှစ်ခွင့် ချထားပေးရန် လျာထားကြောင်း အဆိုပါအပန်းဖြေ စခန်းများကို သွားရောက် စစ်ဆေးခဲ့သည့် မန္တလေးတိုင်း ဒေသကြီးလွှတ်တော် လုံခြုံရေး၊ စီမံခန့်ခွဲရေးနှင့် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

မန္တလေးမြို့ ဒုဋ္ဌဝတီမြစ်ဘေး အနီးတွင်ဖွင့်လှစ် ထားသည့် ပြည်သူလူထု အပန်းဖြေစခန်း အားလုံးသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ ခွင့်ပြုမိန့်ဖြင့် လုပ်ဆောင်နေခြင်း မဟုတ်ဘဲ ဥပဒေမဲ့ ဖွင့်လှစ်ထားခြင်း ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသဖြင့် တင်ပြထားရာ ၎င်းတို့ ဖွင့်လှစ်ထားသည့် အခွန်များနှင့် ဒဏ်ကြေးများအားလုံး ပေးဆောင်ပြီးချိန်မှသာ တရားဝင်လုပ်ကိုင်ခွင့် ချထားပေးဖွယ်ရှိကြောင်း မန္တလေးတိုင်း ဒေသကြီးလွှတ်တော် လုံခြုံရေး၊စီမံခန့်ခွဲရေးနှင့် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးမြင့်အောင်မိုးက ပြောပြ၍ သိရသည်။

"ကျွန်တော်တို့ကတော့ နိုင်ငံတော်အတွက် အမှန်တကယ်ရရှိရမယ့် ဝင်ငွေတွေရရှိစေဖို့နဲ့ နိုင်ငံတော်ရဲ့အခွန်တွေ မနစ်နာစေဖို့ ဥပဒေနဲ့အညီ လုပ်ကိုင်ထားမှုရှိ၊ မရှိစစ်ဆေးခဲ့တာပါ။ တွေ့ရှိလာတဲ့ အချက်အလက်တွေကိုလဲ အစိုးရအဖွဲ့ဆီကို တင်ပြထားပါတယ်။ အခွန်တို့၊ ဒဏ်ကြေးတို့သတ်မှတ် မှာကတော့ အစိုးရအဖွဲ့က ဆုံးဖြတ်မှာပါ။ ကျွန်တော်ထင်ပါတယ် သူတို့တွေ အခွန်အားလုံး ပေးဆောင်ပြီးမှပဲ တရားဝင်လုပ်ကိုင်ခွင့် ချထားပေးမှာပါ"ဟု ၎င်းက ဆက်လက် ပြောပြသည်။

တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ ပူးပေါင်းပါဝင်သည့် အဖွဲ့ဝင်များ စစ်ဆေးမှုမှရရှိလာသည့် အချက်အလက်များကို မန္တလေးတိုင်း ဒေသကြီးလွှတ်တော် ဥက္ကဋ္ဌမှတစ်ဆင့် မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ထံသို့ ဆက်လက်တင်ပြ ထားကြောင်း သိရသည်။

လက်ရှိအချိန်တွင် ဒုဋ္ဌဝတီမြစ်ဘေးအနီးတွင် ခုနစ်မိုင် အပန်းဖြေစခန်း၊ ငါးမိုင်အပန်းဖြေ စခန်းနှင့် သုံးမိုင်အပန်းဖြေစခန်း အစရှိသည့်တို့ ဖွင့်လှစ်ထားကာ နေ့စဉ်အများပြည်သူများ အများအပြားလာရောက် အပန်းဖြေ
လျက်ရှိနေပြီး အဆိုပါလုပ်ငန်းများ တရားဝင်အခွန်အခများ ပေးဆောင်၍ ဖွင့်လှစ်နိုင်ရန်အတွက် အစီအစဉ်များရှိကြောင်း အဆိုပါကော်မတီမှ သိရသည်။

#Yadanarpondaily

No comments:

Post a Comment