Pages

Thursday, January 25, 2018

မန္တလေးမြို့တွင် ယာဉ်ကြောရှုပ်ထွေးမှုများ လျှော့ချနိုင်ရေး ၇၃ လမ်းနှင့် ၇၈ လမ်းကြား၊ လမ်းအသစ်ဖြစ်သည့် ၃၈ လမ်းကို စတင်ဖောက်လုပ်



မန္တလေး ၂၅-၁-၂ဝ၁၈

မန္တလေးမြို့တွင် ယာဉ်ကြော ရှုပ်ထွေးမှုများ လျှော့ချနိုင်ရေး ကြားလမ်းမပေါက် သေးသည့် ၇၃လမ်းနှင့် ၇၈လမ်းကြား၊ ကြားလမ်း အသစ်ဖြစ်သည့် ၃၈လမ်းကို စတင်ဖောက်လုပ် လျက်ရှိကြောင်း မန္တလေးမြို့ တော်စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

မန္တလေးမြို့တွင် လမ်းအသုံးပြုသူ များအနေဖြင့် အဓိကလမ်းမကြီးများကို သွားလာအသုံးပြု နေကြပြီး ကြားလမ်းများကို အသုံးပြုမှု အားနည်းနေခြင်းကြောင့် ယာဉ်ကြောရှုပ်ထွေး ပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ယခုလက်ရှိ ၇၃ လမ်းသည်လည်း အဓိကမိန်းလမ်းမကြီး ဖြစ်သည့်အတွက် ယာဉ်တိုက်မှုများ အပါအဝင် ယာဉ်ကြောပိတ်ဆို့မှု များကို လျှော့ချနိုင်ရေး အတွက် ၇၃ လမ်းနှင့် ၇၈ လမ်းကြားရှိ လမ်းမပေါက်သေးသည့် ၃၈ လမ်းကို စတင်ဖောက်လုပ် ပေးလျက်ရှိကြောင်း သိရသည်။

မန္တလေးမြို့တွင် လမ်းမပေါက်သေးသည့် ၇၃ လမ်းနှင့် ၇၈ လမ်းကို ဆက်သွယ်ပေးထားသော ကြားလမ်းအသစ်ဖြစ်သည့် ၃၈ လမ်းကို ဖောက်လုပ်ပေးနိုင်ရန်အတွက် ၂ဝ၁၇ခုနှစ် နိုဝင်ဘာလက စစ်တမ်းကောက်ယူ မှုများ ပြုလုပ်ခဲ့ကြပြီး ယခုအခါ ဖောက်လုပ်ခွင့်ရပြီး ဇန်နဝါရီ ၂၄ ရက်မှစ၍ ချုံများစတင်ရှင်းလင်း လျက်ရှိကြောင်း၊ ယင်းလမ်းကို ကွန်ကရစ်လမ်း ခင်းကျင်း၍ ပြည်သူလူထုသွားလာ အသုံးပြုနိုင်ရန် လက်ရှိ မြေသားညှိနှိုင်း ခြင်းလုပ်ငန်းများ စတင်လုပ်ဆောင် လျက်ရှိသည်။

ယခုလက်ရှိ မဟာအောင်မြေ မြို့နယ်အတွင်းရှိ လမ်းအသစ်ကို မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီ လမ်း၊တံတားဌာန အပါအဝင် အခြားသက်ဆိုင်ရာ ဌာနများက ၎င်းဖောက်လုပ်မည့် ကြားလမ်းကို စစ်ဆေး တိုင်းတာမှုများ ပြုလုပ်လျက် ရှိကြောင်း၊ ၃၈လမ်းကြား လမ်းအသစ်ကိုလည်း လာမည့်ဘဏ္ဍာရေးနှစ် ဒီဇင်ဘာလမတိုင်မီအပြီး ဖောက်လုပ် ပေးသွားရန် စီစဉ်ထားကြောင်း သိရသည်။

ယခင်က ၇၃လမ်းမှ ၇၉လမ်းဘက်သို့ သွားလာသူများအနေဖြင့် မန္တလေးတက္ကသိုလ်ကို တစ်ပတ်ပတ်ကာ သိပ္ပံလမ်းမှတစ်ဆင့် ၇၈လမ်း၊ အလားတူ၃၇လမ်းမှလည်း သွားလာမှုများရှိကြောင်း၊ ယခုလက်ရှိတွင် ၃၈လမ်းကြားလမ်း အသစ်ဖောက်လုပ်ပြီးစီးပါက အဓိကမိန်းလမ်းမကြီးဖြစ်သည့်၇၃ လမ်းနှင့် ၇၈လမ်းပေါ်တွင် ယာဉ်ကြောစီးဆင်းမှု ပိုမိုမြန်ဆန်သွားမည် ဖြစ်ကြောင်း သိရသည်။

အလားတူ မန္တလေးမြို့တွင်၂ဝ၁၇ ခုနှစ်က အများပြည်သူသွားလာ အသုံးပြုနိုင်မည့် နဒီမြောင်းအနီး လမ်း ၆ဝ မှ ၃၅လမ်းနှင့် ၃၈ လမ်းထိကိုလည်း ကြားလမ်းအသစ် ဖောက်လုပ် ပေးခဲ့ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment