Pages

Thursday, January 25, 2018

စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ စာရာမေရိတောင်ကို ပြည်တွင်း၊ ပြည်ပခရီးသွားများ လေ့လာနိုင်ရန် သဘာဝအခြေပြု ခရီးသွားလုပ်ငန်းအဖြစ် ဖော်ဆောင်သွားရန် စီစဉ်



စစ်ကိုင်း ၂၅-၁-၂ဝ၁၈

စစ်ကိုင်းတိုင်းဒေသကြီး အနောက်မြောက်ဒေသရှိ စာရာမေရိတောင်ကို ပြည်တွင်း၊ပြည်ပ ခရီးသွားများ လေ့လာနိုင်ရန်အတွက် သဘာဝအခြေပြု ခရီးသွားလုပ်ငန်းအဖြစ် ဖော်ဆောင်သွားရန် စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

အဆိုပါ စာရာမေရိတောင်သည် စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအတွင်း တည်ရှိပြီးလေရှီးမြို့နယ်၊ လဟယ်မြို့နယ်၊ ခန္တီးမြို့နယ်တို့နှင့် ဆက်စပ်နေ၍ အမျိုးသားဥယျာဉ် အဖြစ်ဖော်ဆောင်ရန် ကြိုးစားဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ စာရာမေရိတောင်ကို ပြည်တွင်း၊ပြည်ပ ခရီးသွားများ လေ့လာနိုင်ရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက ကြိုတင်သွားရောက်၍ လေ့လာဆန်းစစ်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်သူဦးက ပြောပြသည်။

"စာရာမေရိတောင်ကို ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့ ကျွန်တော်တို့ သွားရောက် လေ့လာပါမယ်။ လမ်းကြောင်းတွေ ရှာပါမယ်။ ခရီးသွားလုပ်ငန်းမှာဆိုရင် ဘာစလုပ်ရမလဲဆိုတော့ ပြည်တွင်းခရီးသွားရော ပြည်ပခရီးသွား တွေအတွက်ပါ လမ်းကြောင်း ကောင်းကောင်းမွန်မွန်နဲ့ သွားရောက်နိုင်ဖို့ စီစဉ်ပေးရပါမယ်။ ပြီးရင် တည်းခိုနေထိုင်မှုနဲ့ စားသောက်ဖို့ နေရာတွေကို လုပ်ဆောင်ပေးရပါမယ်။ ဒီခရီးအကွာအဝေး ဘယ်လောက်ရှိတယ်ဆိုတာ ကျွန်တော်တို့ အရင်လေ့လာရပါမယ်။ အဲဒီလို အပြည့်အစုံလုပ်ပြီး သွားရင် သတင်းထုတ်ပြန် ပေးမှာပါ။ ရည်ရွယ်ချက်ကတော့ ထမံသီဘက်ကို သွားတဲ့ ခရီးသွားလုပ်ငန်းကို ဖွံ့ဖြိုးတိုးတက် စေချင်တာပါ။ နောက်တစ်ခါ ကျွန်တော်တို့ စစ်ကိုင်းတိုင်း ဒေသကြီးမှာ မပျက်စီးသေးတဲ့ တောတောင် သဘာဝတွေကို ကမ္ဘာလှည့် ခရီးသွားတွေနဲ့ ပြည်တွင်း ခရီးသွားတွေကို လေ့လာစေချင်ပါတယ်။ အဲဒါကြောင့် အဲဒီဘက်ကို ခရီးသွားလုပ်ငန်း ချဲ့ထွင် တဲ့သဘောပါ"ဟု ၎င်းက ဆက်လက် ပြောပြသည်။

စာရာမေရိတောင်မှာ ဆောင်းရာသီကာလတွင် ရေခဲသည်အထိ အေးလွန်းသဖြင့် ပြည်တွင်းပြည်ပ ခရီးသွားများ လေ့လာနိုင်ရန် သဘာဝအခြေပြု ခရီးသွားလုပ်ငန်းအဖြစ် ဖော်ဆောင်ရန်အတွက် ရာသီဥတုအပေါ် မူတည်၍ ယခုနှစ် ဖေဖော်ဝါရီလနှင့် မတ်လအတွင်း သွားရောက်၍ ကြိုတင်လေ့လာမှုများကို ပြုလုပ်သွားမည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

#Themyawadydaily

No comments:

Post a Comment