Pages

Thursday, January 25, 2018

ပြည်ကြီးတံခွန် မြို့နယ် စက်မှုပန်းခြံအနီး၌ မော်တော်ယာဉ် တစ်စီးပေါ်မှ တန်ဖိုးငွေကျပ်သိန်း ၁၃၅ဝ ခန့်ရှိ ဘိန်းများ ဖမ်းဆီးရမိ



မန္တလေး ၂၅-၁-၂ဝ၁၈

ပြည်ကြီး တံခွန်မြို့နယ် (ဇ) ရပ်ကွက် စက်မှုပန်းခြံအနီး ဇန်နဝါရီ ၂၃ရက်က ရန်ကုန်-မန္တလေးလမ်းအတိုင်း တောင်မှမြောက်သို့ ယာဉ်မောင်းခွန်ချစ်ဦး မောင်းနှင်လာသော ယာဉ်အမှတ် YGN-3J/------ WISH အမျိုးအစား အနက်ရောင်ယာဉ်ကို မသင်္ကာ၍ ရပ်တန့်ခိုင်းပြီး ပြည်ကြီးတံခွန် မြို့မရဲစခန်းသို့ ခေါ်ဆောင်စစ်ဆေးခဲ့ရာ ကားအနောက်ခန်းမှ ကာလတန်ဖိုး ငွေကျပ်သိန်း ၁၃၅ဝ ခန့်ရှိ ဘိန်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ မော်တော်ယာဉ်ကို ဇန်နဝါရီ ၂၃ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် မူးယစ်တပ်ဖွဲ့စု (၁၇) မန္တလေးမြောက်ပိုင်းမှ ရဲအုပ်အောင်ဇေမျိုး၊ အမှတ် (၈၇) ယာဉ်ထိန်းတပ်ဖွဲ့စု ရဲအုပ်မြင့်ဇော်၊ ပြည်ကြီး တံခွန်မြို့မရဲစခန်းမှ နယ်ထိန်း ခေါင်းဆောင်ဒုတိယ ရဲအုပ်စည်သူလွင်ပါ ရဲတပ်ဖွဲ့ဝင်များ၊ ယာတော်ရပ်ကွက်နှင့် တောင်မြင့်ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများ ပါဝင်သော အဖွဲ့က အသေးစိတ် ရှာဖွေစစ်ဆေးခဲ့ရာ ယာဉ်၏ အနောက်ခန်း အတွင်း၌ SAMSUNG တံဆိပ်ပါ စက္ကူပုံးအတွင်းမှ တိပ်အကြည်နှင့် တိပ်အဝါတို့ပတ်လျက် ဘိန်းစိမ်းဟု ယူဆရသော အမည်းရောင် အစေးခဲ ထုပ်ပိုးခွန်ပါ အလေးချိန်၁ဒသမ၂ ကီလိုဂရမ်ခန့်ပါ ၅၃ထုပ်၊ SONY တံဆိပ်ပါ စက္ကူပုံး အတွင်းမှ တိတ်အကြည်ဖြင့် ပတ်လျက် ဘိန်းစိမ်းဟု ယူဆရသော အမည်းရောင် အစေးခဲထုပ်ပိုးခွန်ပါ ၁ဒသမ၂ ကီလိုဂရမ်ခန့်ပါ ၁၆ ထုပ်၊ KIDO တံဆိပ်ပါ စက္ကူပုံးအတွင်းမှ တိပ်အကြည်နှင့် ပတ်လျက် ဘိန်းစိမ်းဟု ယူဆရသော အမည်းရောင် အစေးခဲထုပ်ပိုးခွန်ပါ အလေးချိန် ၁ဒသမ၂ကီလိုဂရမ်ခန့်ပါ ခြောက်ထုပ် ပေါင်း ၇၅ထုပ် ကာလတန်ဖိုးငွေကျပ်သိန်း ၁၃၅ဝ ခန့်ကိုလည်းကောင်း၊ ခွန်ချစ်ဦး ဝတ်ဆင်ထားသည့် အနက်ရောင်အနွေးထည် ဝဲဘက်အိတ်ကပ် အတွင်းမှ ခွန်ချစ်ဦးအမည်ပါ ယာဉ်မောင်းလိုင်စင်တစ်ခုနှင့် ဆင်းကတ်နှစ်ခုပါ MI အမျိုးအစား အနက်ရောင် လက်ကိုင်ဖုန်းတစ်လုံးကို တွေ့ရှိရပြီး အဆိုပါပစ္စည်းများမှာ ခွန်ချစ်ဦးက ဖားကန့်သို့ ပို့ဆောင်မည့် ၎င်းပိုင်ပစ္စည်းများ ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ရှာဖွေပုံစံဖြင့် ရှာဖွေသိမ်းဆည်းခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိသူ ခွန်ချစ်ဦး (ဘ) ဦးကောင်း ဝါးပြုန်းရွာ၊ လိန်းညားကျေးရွာအုပ်စု၊ ပင်လောင်းမြို့နယ် နေသူကို ပြည်ကြီးတံခွန်မြို့နယ် စက်မှုနယ်မြေရဲစခန်းက မယ(ပ)၂/၂ဝ၁၈၊ မူး/စိတ်ပုဒ်မ-၁၅/၁၉(က) ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

#Yadanarpondaily

No comments:

Post a Comment