Pages

Thursday, December 28, 2017

မြေတိုင်းတာရာတွင် UAV Drone များဖြင့် ဆောင်ရွက်နိုင်တော့မည်



မကွေး ၂၈-၁၂-၂ဝ၁၇

မကွေးတိုင်းဒေသကြီး၌ သမားရိုးကျ မြေတိုင်းတာမှု စနစ်များအပြင် မြေတိုင်းရာတွင် လွယ်ကူမြန်ဆန် တိကျစေရေးအတွက် UAV Drone များဖြင့် မြေတိုင်းတာပုံထုတ်ခြင်းကို ဆောင်ရွက်နိုင်တော့မည် ဖြစ်ကြောင်း တိုင်းဒေသကြီး လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရသည်။

ယင်းသို့ဆောင်ရွက် နိုင်ရေးအတွက် မကွေး၊ဂန့်ဂေါ၊ ပခုက္ကူ၊ သရက်နှင့် မင်းဘူးခရိုင်တို့မှ ဌာနဝန်ထမ်းသင်တန်းသား ၄၅ ဦးအား မကွေးမြို့၌ ဒီဇင်ဘာ ၂၇ ရက်မှ ၃၁ ရက်အထိ သင်တန်းပို့ချ ပေးလျက်ရှိကြောင်း၊ ဧက ၄ဝဝ ရှိကွင်းတစ်ကွင်းအား သမားရိုးကျတိုင်းတာပါက ၇ ရက်မှ ၁ဝ ရက်အထိ ကြာမြင့်နိုင်ပြီး ယခုသင်တန်းက ပို့ချမည့်စနစ်ဖြင့် Drone အသုံးပြုတိုင်းတာပါက ၂ ရက်ခန့်သာ ကြာမြင့်မည်ဖြစ်ပြီး ပိုမို၍ တိကျမှုရှိလာမည်ဖြစ်ကြောင်းဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

''မြေတိုင်းတဲ့နေရာမှာ အဆင့်တွေ အများကြီးရှိတယ်။ အဲဒီအဆင့်တွေကို ကျော်လွှားပြီးတော့ Drone နဲ့တိုင်းတဲ့စနစ်ကို သင်ကြားပို့ချ သွားမှာဖြစ်ပါတယ်။ အရင်စနစ်တွေက အရမ်းကြာတယ်။ အခုစနစ်နဲ့ဆိုရင် အချိန်ရော၊ လူအင်အားရော တိကျမှုပါ အရမ်းကွာခြားသွားမှာ ဖြစ်ပါတယ်''ဟု သင်တန်းနည်းပြ ဒုတိယညွှန်ကြားရေးမှူး (ငြိမ်း) ဦးစိန်ဝင်းက ပြောသည်။

''တိုင်းဒေသကြီး အစိုးရအဖွဲ့က Drone ငါးစင်းဝယ်ယူဖို့ ခွင့်ပြုခဲ့တာဖြစ်ပေမယ့် ချွေတာတဲ့အနေနဲ့ Drone လေးစင်းနဲ့ရရှိတဲ့ Data တွေကို အသေးစိတ်ပြုစုနိုင်ဖို့ Software တစ်ခုဝယ်ပါတယ်။ ဒီလိုပံ့ပိုးပေးတဲ့အတွက် တိုင်းဒေသကြီးရဲ့ မြေယာအသုံးချမှုတွေ၊ မြေယာစီမံခန့်ခွဲမှုတွေ၊ သဘာဝဘေးအန္တရာယ်ကြောင့် လယ်ယာမြေဧက ဘယ်လောက် ရေနစ်တယ်ဆိုတာ တွေကို ဒီစနစ်နဲ့တိုင်းထွာရင် ချက်ချင်းသိရှိနိုင်မှာဖြစ်လို့ တိုင်းဒေသကြီး အတွက်ရော၊ ဌာနအတွက်ပါ အကျိုးရှိမှာဖြစ်ပါတယ်'' ဟုတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန တိုင်းဒေသကြီး ဦးစီးဌာနမှူး ဦးဇော်ဝင်းက ပြောသည်။

၂ဝ၁၇ ခုနှစ် မေလပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် မြေကြီးမြေပုံမှန်ကန်ရေးနှင့် မြေတိုင်းတာ ဆောင်ရွက်ရာတွင် လွယ်ကူမြန်ဆန်တိကျ စေရေးအတွက် အဆိုပါ UAV Drone ငါးစင်းကို ဝယ်ယူရန် ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment