Pages

Thursday, December 28, 2017

၂ဝ၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာစစ်ဌာနပေါင်း ၁၄ဝ ကျော် အသစ်ဖွင့်လှစ် ခွင့်ပြု



နေပြည်တော် ၂၈-၁၂-၂ဝ၁၇

၂ဝ၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနိုင်ရန် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စာစစ်ဌာနပေါင်း ၁၄ဝ ကျော်အထိ အသစ်ဖွင့်လှစ် ခွင့်ပြုထားကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်ထံမှ သိရသည်။

အဆိုပါအသစ် ဖွင့်လှစ်ခွင့်ပြုရန် လျှောက်ထားခဲ့သော စာရင်းအရ စာစစ်ဌာနပေါင်း ၁၄ဝ ကျော်ဖွင့်လှစ် ခွင့်ပြုသော်လည်း ယင်းအနက်မှ အမှန်တကယ် လိုအပ်ချက်ရှိ၍ လျှောက်ထားသည့် ကျောင်းပေါင်း ၁ဝ ခုသာ ရှိကြောင်း၊ စာစစ်ဌာနအသစ် ဖွင့်လှစ်ခွင့်ရ စာရင်းများကို ယခုလအတွင်း သက်ဆိုင်ရာ ကျောင်းများသို့ ပြန်လည်ချထားမည်ဖြစ်ပြီး၂ဝ၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အတွက်စာစစ်ဌာန အသစ်ဖွင့်လှစ်လိုပါက အခြေခံပညာဦးစီး ဌာနမှတစ်ဆင့် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနသို့တင်ပြ၍ သတ်မှတ်ချက် ၁၉ ချက်နှင့်ကိုက်ညီမှသာ ဖွင့်လှစ်ခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။

အသစ်ဖွင့်လှစ်မည့် စာစစ်ဌာနတွင် ဖြေဆိုမည့်ကျောင်းသားဦးရေနှင့် တစ်ဦးချင်းအလွတ် ပညာသင်အဖြစ် ဖြေဆိုမည့်ဦးရေ၊ လက်ရှိ အခြေအနေအရ မည်သည့် စာစစ်ဌာနခွဲတွင် သွားရောက်ဖြေဆိုရခြင်း ထိုသို့ဖြေဆိုနေရသည့် အခက်အခဲများကိုလည်း တင်ပြရမည်ဖြစ်သည်။ ထို့ပြင် နေရာထိုင်ခင်းလုံလောက်မှု၊ စာစစ်ဌာနအသစ်ဖွင့်လှစ်မည့် ဒေသ၌ မြို့နယ်၊ တိုက်နယ်ဆေးရုံ၊ ဆေးပေးခန်းရှိ၊ မရှိနှင့် မေးခွန်းလွှာနှင့် အဖြေများသိမ်းဆည်းရန် ဘဏ်၊ ငွေတိုက်၊တပ်ရင်း၊ တပ်ဖွဲ့၊ ရဲစခန်းရှိ၊ မရှိ၊ စာဖြေသူအများဆုံး ဝင်ဆံ့နိုင်မည့်ဦးရေ၊ စာဖြေသူဦးရေ တိုးတက်လာပါက နေရာချထားပေးမည့်ပုံစံ စသည့်အချက်အလက်များ လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနသည် ၂ဝ၁၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ပြည်တွင်းပြည်ပစာစစ်ဌာနပေါင်း ၁၅ဝဝ ကျော်ဖွင့်လှစ်ခဲ့ပြီး ၂ဝ၁၆ ခုနှစ်ထက် စာစစ်ဌာနပေါင်း ၁၂ဝ ကျော် တိုးမြှင့်ဖွင့်လှစ်ခွင့် ပြုခဲ့ကြောင်းသိရသည်။

#Themyawadydaily

No comments:

Post a Comment