Pages

Thursday, December 28, 2017

မန္တလေးအထွေထွေရောဂါ ကုဆေးရုံကြီး အရေးပေါ်ဌာနများနှင့် လူနာဆောင်လေးခုတွင် ဝန်ထမ်းအင်အား တိုးမြှင့်ချထားမည်



မန္တလေး ၂၈-၁၂-၂ဝ၁၇

လာမည့် ဒီဇင်ဘာလ ၃၁ ရက်နေ့ နှစ်သစ်ကူးညတွင် မန္တလေးအထွေထွေရောဂါ ကုဆေးရုံကြီးရှိ ERC,OPD ဌာနများနှင့် လူနာဆောင်လေးခုတွင် ဝန်ထမ်းအင်အားတိုးမြှင့် ချထားမည်ဖြစ်ကြောင်း ဆေးရုံကြီးရှိ ဆေးလူမှုဆက်ဆံရေးဌာနမှ သိရသည်။

နှစ်သစ်ကူးညတွင် ဆေးရုံကြီးသို့ ရောက်ရှိလာမည့် အရေးပေါ် လူနာများအတွက် ကြိုတင်ပြင်ဆင်နိုင်ရန် အစည်းအဝေးပြုလုပ်ခဲ့ပြီး ERC,OPD ဌာနများနှင့် ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ဆောင်၊အရိုးနှင့် ထိခိုက်ဒဏ်ရာဆောင်၊ မျက်နှာနှင့် မေးရိုးဆောင်နှင့် ခွဲစိတ်ဆောင်တို့၌ ဝန်ထမ်းအင်အားတိုးချဲ့ ချထားရန်ပြင်ဆင်ထားကြောင်း အဆိုပါဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမင်းလွင်က ပြောပြသည်။

''ERC ဌာနကနေ လူနာတွေ အများဆုံးပို့ပေးရတဲ့ ဆက်နွှယ်ဌာနတွေမှာပါ အင်အားတိုးချထားမှာပါ။ ဝန်ထမ်း၊ ဆေးဝါး၊ ကိရိယာအားလုံး ပြင်ဆင်ထားပါတယ်။ လူမှုရေးအသင်းတွေကိုလဲ ဖိတ်ထားတယ်။ ပိုပြီးအားစိုက် ကူညီပေးကြဖို့ နှိုးဆော်ထားပါတယ်'' ဟု ၎င်းက ပြောပြသည်။

ပြီးခဲ့သည့် ၂ဝ၁၆ခုနှစ် နှစ်သစ်ကူးညတွင် မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးသို့ အတွင်းလူနာနှင့် အပြင်လူနာ စုစုပေါင်းဦးရေ ၂၄ဝကျော် ရောက်ရှိခဲ့ပြီး သေဆုံးသူ လေးဦးရှိခဲ့ကြောင်း သိရသည်။

မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးသို့ အထင်ကရပွဲတော် ရက်များဖြစ်သည့် သီတင်းကျွတ်၊ တန်ဆောင်မုန်း၊ နှစ်သစ်ကူးသင်္ကြန် ပွဲတော်ရက်များတွင် ယာဉ်တိုက်မှု၊ ခိုက်ရန်ဖြစ်ပွားမှုတို့ကြောင့် ရောက်ရှိသည့်လူနာဦးရေ မြင့်တက်လေ့ရှိပြီး ယာဉ်တိုက်မှုကြောင့် ရောက်ရှိသည့် လူနာမှာအများဆုံး ဖြစ်ကာဒုတိယအနေဖြင့် ခိုက်ရန်ဖြစ်ပွားမှုကြောင့် ရောက်ရှိသည့် လူနာအများဆုံး ဖြစ်ကြောင်း အဆိုပါဌာနမှ သိရသည်။

#Yadanarpondaily

No comments:

Post a Comment