Pages

Friday, December 22, 2017

ပုဂံဒေသ လောကနန္ဒာ ဘေးမဲ့တောဥယျာဉ်ရှိ ကမ္ဘာ့အကြီးဆုံးကြယ်လိပ်အဖြစ် သတ်မှတ်ထားသော လိပ်မကြီးနှင့် အခြားရှားပါး ကြယ်လိပ်များကို လေ့လာနိုင်



ညောင်ဦး ၂၂-၁၂-၂၀၁၇

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ပုဂံမြို့သစ် လောကနန္ဒာဘေးမဲ့ တောဥယျာဉ်ရှိ ကမ္ဘာ့အကြီးဆုံး ကြယ်လိပ်အဖြစ် သတ်မှတ်ထားသော လိပ်မကြီးနှင့် အခြားရှားပါး ကြယ်လိပ်များကို လေ့လာနိုင်ကြောင်း အဆိုပါဥယျာဉ်မှ တာဝန်ရှိသူ တစ်ဦးက ပြောပြ၍သိရသည်။

အဆိုပါ ဘေးမဲ့တောတွင် ကြယ်လိပ်ပေါက်ဖွားမှု များပြားပြီး ကမ္ဘာ့ရှားပါး ကြယ်လိပ် ငါးထောင်ခန့်ရှိကာ ကြယ်လိပ်များကို ၂ဝဝ၁ ခုနှစ်ကအထီး ၄၂ ကောင်၊ အမအကောင် ၄ဝ စတင်မွေးမြူခဲ့ခြင်း ဖြစ်ကြောင်း၊ ၂ဝ၁၁ခုနှစ်က မူရင်းဒေသ သဘာဝတော အတွင်းဘေးမဲ့ လွှတ်ပေးခဲ့ပြီး မျိုးပွားလာသည့် ၄၅ ကောင်ကျန်ရှိရာ ၂ဝ၁၂ခုနှစ်က ၃၃၉ကောင်၊ ၂ဝ၁၃ခုနှစ်က အကောင်၅၉ဝ၊ ၂ဝ၁၄ ခုနှစ်က ၄၃၃ ကောင်၊၂ဝ၁၅ခုနှစ်က ၁၁၁၅ကောင်၊၂ဝ၁၆ ခုနှစ်က ၁၃၃၃ ကောင်မျိုးပွားခဲ့ကြောင်း၊ ၎င်းကြယ်လိပ်များကို ဘေးမဲ့တောအတွင်း စနစ်တကျ မွေးမြူပြီး အရွယ်ရောက်လာပါက မူရင်းဒေသဖြစ်သည့် ရွှေစက်တော်တွင် ဘေးမဲ့လွှတ်ပေးလေ့ရှိကြောင်း သိရသည်။

ထိုအရွယ် ရောက်ပြီးသော ကြယ်လိပ်များကို ၂ဝဝ၈ခုနှစ်က အကောင်၅ဝ၊ ၂ဝ၁၄ခုနှစ်က အကောင်၁၅ဝ၊ ၂ဝ၁၅ ခုနှစ်က အကောင်၁၅ဝ မူရင်းဒေသသို့ ပြန်လွှတ်ပေးခဲ့ကြောင်း၊ ထိုသို့ပြန်လွှတ်ရာတွင် စနစ်တကျ
အမှတ်အသား ပြု၍အစာရှာနိုင်သည်ထိ လေ့ကျင့်ပေးကာ ပြန်လွှတ်လေ့ရှိကြောင်း ၊လောကနန္ဒာဘေးမဲ့ တောဥယျာဉ်၌ ကြယ်လိပ်များကို စနစ်တကျ မွေးမြူစောင့်ရှောက်ထားပြီး ဥဥချိန်မှစ၍ စာရင်းကောက် ယူကာ ပေါက်ဖွားသည့် ခုနှစ်အလိုက် မှတ်တမ်းများထားပြီး မြန်မာ့ကြယ်လိပ်သည် မြန်မာနိုင်ငံ၌သာတွေ့ရှိရသော ဒေသရင်း မျိုးစိတ်ပင်ဖြစ်ကြောင်း သိရသည်။

ကြယ်လိပ်များမှာ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့၏ အပူပိုင်းခြောက်သွေ့သော ဒေသများ၌ နေထိုင်ကျက်စား လေ့ရှိပြီး ဒေသအလိုက် ကြယ်လိပ်၊ ဆီချိုလိပ်၊ ပင့်ကူလိပ်၊ ပန်းလိပ်၊ရွှေလိပ်နတ်လိပ်ဟု ခေါ်ဆိုသော လိပ်များပင်ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူတစ်ဦးက ပြောပြ၍ သိရသည်။

#Yadanarpondaily

No comments:

Post a Comment