Pages

Friday, December 22, 2017

မြစ်ကြီးနားမြို့တွင် ငွေကျပ်သိန်း ၁ဝဝဝ ကျော် တန်ဖိုးရှိ ဘိန်းဆီခဲများ ဖမ်းဆီးရမိ



မြစ်ကြီးနား ၂၂-၁၂-၂၀၁၇

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်အ တွင်း "ဧရာဦး" စစ်ဆင်ရေးစီမံ ချက်အရ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးလုပ်ငန်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၂ဝ ရက်က ကာလတန်ဖိုး ငွေကျပ်သိန်း ၁ဝဝဝ ကျော်တန်ဖိုးရှိ ဘိန်းဆီခဲများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (မြစ်ကြီးနား) မှ တပ်ဖွဲ့ဝင်များနှင့် မြစ်ကြီးနား-ရွှေ ဘိုသွား ပြည်ထောင်စုလမ်းမကြီး မြစ်ကြီးနားမြို့အဝင် (၂၁) မိုင် ပူးပေါင်းစစ်ဆေးရေးဂိတ်မှ တာဝန်ရှိသူများနှင့် မူးယစ်ဆေးဝါး သတင်းအရ ယာဉ်အဝင်၊ အထွက်များကို စနစ်တကျ စစ်ဆေးဆောင်ရွက် နေစဉ် ဒီဇင်ဘာ၂ဝရက် မွန်းတည့် ၁၂နာရီက မြစ်ကြီးနားမြို့မှ မိုးကောင်းမြို့သို့ ရန်လီဆော့ မောင်းနှင်လာသည့် YGN- 4I/-----နံပါတ်ပါ (လိုင်စင်မဲ့)အနက်ရောင်ယာဉ်ကို ရပ်တန့် စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာ မော်တော်ယာဉ် ဆီတိုင်ကီ အံဝှက်အတွင်း လျှို့ဝှက် သယ်ဆောင်လာသည့် တိပ်အဝါရောင်ဖြင့် ထုပ်ပိုးထားသော အထုပ်၂၄ထုပ်အတွင်း ကာလတန်ဖိုးငွေကျပ် ၁ဝ၆ဝ၅ဝဝဝဝ ရှိ ဘိန်းဆီခဲအလေးချိန် ၂၅ ဒသမ၂၅ ကီလိုဂရမ်နှင့် ၎င်းအမည်ပါ နိုင်ငံသားစိစစ်ရေးကတ်တစ်ခု၊ လက်ကိုင်ဖုန်းနှစ်လုံး၊ ယာဉ်မောင်းလိုင်စင် တစ်ခုတို့ကို ရှာဖွေသိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ရန်လီဆော့ နမ့်ခမ်းမြို့နေသူကို မြစ်ကြီးနားနယ်မြေ ရဲတပ်ဖွဲ့စခန်းက မယ (ပ)၁၅ဝ/၂ဝ၁၇၊မူး/စိတ်ပုဒ်မ- ၁၅/၁၉(က)အရ အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

#Yadanarpondaily

No comments:

Post a Comment