Pages

Friday, December 22, 2017

မန္တလေးယဉ်ကျေးမှု ပြတိုက်ရှိ ရှေးဟောင်းပစ္စည်းလက်ရာ ပြကွက်များကို ပြည်တွင်း၊ ပြည်ပခရီးသွားများ နေ့စဉ်ဝင်ရောက်လေ့ လာမှုများရှိနေ



မန္တလေး ၂၂-၁၂-၂၀၁၇

မန္တလေးယဉ်ကျေးမှု ပြတိုက်ရှိ ရှေးဟောင်းပစ္စည်းလက်ရာ ပြကွက်မျိုးစုံကို ပြည်တွင်း၊ ပြည်ပခရီးသွားများ နေ့စဉ်ဝင်ရောက်လေ့လာမှု များရှိနေကြောင်း ယဉ်ကျေးမှုပြတိုက် (မန္တလေး) မှတာဝန်ရှိသူတစ်ဦးက ပြောပြ၍ သိရသည်။

အဆိုပါ ပြတိုက်သည် အဆင့်မြှင့်တင်ပြုပြင် ပြီးဖြစ်၍ ရှေးဟောင်းသမိုင်းဝင်သော ရှေးဟောင်းလက်ရာပစ္စည်းများ ပြသထားရာ ကျောက်ခေတ်လက်နက် ကိရိယာများ၊ ကြေးခေတ်လက်နက် ကိရိယာများ၊ မြေအရိုးအိုးနှင့် အသုံးအဆောင်အိုးများ၊ သံလက်နက်ကိရိယာများ စသည်ဖြင့် သမိုင်းမတင်မီ ခေတ်ပြကွက်ခြောက်ကွက်နှင့် မြို့ပြယဉ်ကျေးမှု ထွန်းကားလာပြီဖြစ်သော ပျူခေတ်အသုံးအဆောင် ပစ္စည်းများ၊ ပုဂံခေတ် စဥ့်ရည်သုတ် အုတ်ကြွပ်များ၊ မြေပုတီးနှင့် နားတောင်းများ၊ အင်းဝခေတ်ဆေးတံများ၊ ကုန်းဘောင်ခေတ်ဦးပိုင်း အမိုးအုတ်ကြွပ်ပြားများနှင့် ရတနာပုံခေတ် ခံတပ်များစသည်ဖြင့် ပြကွက်ပေါင်းကိုးကွက်ကို ခင်းကျင်းပြသထားကြောင်း သိရသည်။

ထို့ပြင် နန်းတွင်းအဝတ်အထည်များ၊ နန်းတွင်းဓာတ်ပုံများ၊ ဝန်ကြီးရုပ်တုများ၊ ဝေါယာဉ်၊ ဗီရိုလှည်း၊ ဒိုင်း၊ မောက်တို၊ ကျောက်ထည့်သေတ္တာ၊ ဆေးထည့်သေတ္တာစသည့် နန်းတွင်းအသုံးအဆောင် ပစ္စည်းပြကွက်ပေါင်း ခုနစ်ကွက်ကိုရှေ့ခန်းတွင် ပြသထားပြီးနောက်ခန်းတွင် စာပေများ၊ ပုရပိုက် ပန်းချီများ၊ တစ်ကြောင်းစာချွန်များ၊ နှစ်ကြောင်းစာချွန်များ၊ နန်းတွင်းလက်ရေးမူများ၊ ရတနာပုံခေတ်သတင်းစာ စသည်ဖြင့်စာပေဆိုင်ရာ ပြကွက်များနှင့် ဒင်္ဂါပြားများ၊ ချိန်ခွင်ထည့်သေတ္တာနှင့် အလေးများ၊ သစ်သားဆင်စွယ် စစ်တုရင်ရုပ်များ၊ ကျွန်းတိုင်လုံး၊ ကျောက်မြူတာအိုးနှင့် ကျောက်သေတ္တာစသည့် နန်းတွင်းယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းများ ပြကွက်ပေါင်း ၁၄ ကွက်တို့ကိုခင်းကျင်းပြသ ထားသည်။ ထို့အတူပန်းဆယ်မျိုးဆိုင်ရာ ရှေးဟောင်းပစ္စည်းများ ပြကွက်ပေါင်း ၁ဝ ကွက်ကို လည်းပြသထားကြောင်း သိရသည်။

အဆိုပါ ယဉ်ကျေးမှုပြတိုက်သို့ လေ့လာရာတွင် ပြခန်းဝင်ကြေးအဖြစ် ပြည်ပခရီးသွားတစ်ဦးလျှင် ဝင်ကြေးငွေကျပ် ၅ဝဝဝ၊ ပြည်တွင်း ခရီးသွားတစ်ဦးလျှင် ငွေကျပ် ၂ဝဝ ကောက်ခံပြီး ကျောင်းသား၊ ကျောင်းသူ၊ သံဃာ၊ သီလရှင်တို့ကိုအခမဲ့ ဝင်ရောက်လေ့လာ ခွင့်ပြုထားကြောင်း ၎င်းကပြောပြ၍ သိရသည်။

#Yadanarpondaily

No comments:

Post a Comment