Pages

Thursday, December 28, 2017

မြန်မာရေချိုပုစွန်တုပ် ပြည်တွင်းပြည်ပသို့ တင်ပို့ရောင်းချ နိုင်ရန်ဆောင်ရွက်နေ



ရန်ကုန် ၂၈-၁၂-၂ဝ၁၇

မြန်မာနိုင်ငံမှ ရှူးတစ်စတားကုမ္ပဏီနှင့် ထိုင်းနိုင်ငံမှ ဘိုင်အိုတက်စ်ကုမ္ပဏီတို့ ပူးပေါင်း၍ မြန်မာရေချိုပုစွန်တုပ်ကို မွေးမြူကာ ပြည်တွင်း၌သာမက ပြည်ပနိုင်ငံများအထိ တင်ပို့ရောင်းချနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ဒုတိယဦးစီးမှူး ဦးလှဌေးထံမှ သိရသည်။

မြန်မာမျိုးရင်းစစ် ရေချိုပုစွန်တုပ် မျိုးသားပေါက်များကို ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်၌ မွေးမြူမည်ဖြစ်ပြီး ဒီဇင်ဘာလအတွင်း မျိုးဖောက်မွေးမြူနိုင်ပါက ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလတွင် စတင်ဖြန့်ဖြူး တင်ပို့နိုင်မည် ဖြစ်သည်။

''လက်ရှိ မွေးမြူထားတဲ့ မျိုးပုစွန်တုပ်တွေကို မယူပါဘူး။ ထိုင်းနိုင်ငံက ဘိုင်အိုတက်စ်ကုမ္ပဏီရဲ့ အကူအညီနဲ့ ကန်ထဲမှာ သဘာဝအတိုင်း မျိုးစပ်ပြီး ရေချိုပုစွန်တုပ်တွေကို မွေးမြူသွားမယ်။ အကောင်ရေ သိန်း ၄ဝ အထိ မွေးမြူနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ မွေးမြူပြီးရလာတဲ့ သားပေါက်တွေအားလုံးကို မျိုးအဖြစ် ပြည်တွင်းမှာပဲ ဖြန့်ဖြူးဖို့ရှိတယ်။ ဈေးနှုန်းကိုလည်း လက်ရှိဈေး ထက်လျှော့ချပြီး ရောင်းချပေးမယ်။ တကယ်လို့ ပြည်တွင်းမှာ ဝယ်ယူသူ မရှိဘူးဆိုရင် ထိုင်းနိုင်ငံကို တင်ပို့မှာပါ''ဟု ဦးလှဌေးက ပြောသည်။

ထို့ပြင် မြန်မာမျိုးရင်းစစ် ရေချိုပုစွန်တုပ်ကို မျိုးဖောက်ရန် ဧရာဝတီတိုင်း ဒေသကြီးဘိုကလေး၊ ဖျာပုံနှင့် လပွတ္တာမြို့နယ်တို့၌ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပြီး လက်ရှိတွင် တွံတေးမြို့နယ် မွေးမြူရေးကန်၌ တစ်ဧကလျှင် ရေချိုပုစွန်တုပ်အကောင်ရေ နှစ်သောင်းမှ သုံးသောင်းအထိ မွေးမြူနိုင်သောကြောင့် ထိုင်းနိုင်ငံ၏ နည်းပညာအကူအညီဖြင့် မြန်မာ့မျိုးရင်းစစ် ရေချိုပုစွန်တုပ်ကို အကောင်ရေသိန်း ၄ဝ အထိ မျိုးဖောက်၍ ဖြန့်ဖြူးပေးမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment