Pages

Thursday, December 28, 2017

ပြည်တွင်းပဲမျိုးစုံ ဈေးကွက်သစ်ရရှိနိုင်ရေး တရုတ်နိုင်ငံ၌ မိတ်ဆက်ပြသရန် စီစဉ်



ရန်ကုန် ၂၈-၁၂-၂ဝ၁၇

ပြည်တွင်း၌ စိုက်ပျိုးထွက်ရှိ နေသော်လည်း တရုတ်နိုင်ငံဈေးကွက်သို့ တင်ပို့နိုင်ခြင်း မရှိသေးသည့် ပဲအမျိုးအစားများကို ဈေးကွက်ချိတ်ဆက် တင်ပို့နိုင်စေရန် ရည်ရွယ်၍ Myanmar Beans Market Promotion Forum ကို ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၈ ရက်တွင် တရုတ်နိုင်ငံ ကွမ်ရှီးဒေသရှိ နန်နင်းမြို့၌ ကျင်းပရန်စီစဉ်နေကြောင်း ကုန်သွယ်ရေးဦးစီးဌာန အကြီးတန်းအရာရှိ တစ်ဦးထံမှ သိရသည်။

''အဓိကအားဖြင့် အိန္ဒိယနိုင်ငံကို တင်ပို့နိုင်ခြင်း မရှိတော့တဲ့ ပဲအမျိုးအစားတွေအတွက် ဈေးကွက်သစ်တွေ ရှာဖွေတာပါ။ အတွေ့အကြုံအရ ဈေးကွက်တစ်ခုတည်းကို အားကိုးလို့မရပါဘူး။ တရုတ်နိုင်ငံဘက်ကို မတင်ပို့ဖူးသေးတဲ့ ပဲအမျိုးအစား အမယ်သစ်တွေကို ဘယ်လိုမျိုး စားသုံးနိုင်မယ်၊ တရုတ်ကလုပ်တဲ့မုန့်တွေမှာ ဘယ်လိုမျိုး သုံးနိုင်မယ်ဆိုတာကို ဒီပြပွဲကနေ သိနိုင်ပါတယ်။ နောက်ပြီး ဆေးဖက်ဝင်ပဲ အမျိုးအစားတွေကိုပြသပြီး ဈေးကွက်သစ်မိတ်ဆက်မယ့်ပွဲလည်း ဖြစ်ပါတယ်''ဟု ၎င်းက ပြောသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းမှပဲစိုက် တောင်သူများအတွက် နစ်နာမှုမရှိစေရန် အိန္ဒိယနိုင်ငံသို့ တင်ပို့နိုင်ခြင်း မရှိတော့သည့် ပဲအမျိုးအစားများအတွက် ဈေးကွက်သစ် ရှာဖွေခြင်းနှင့် ဝယ်လက်ချိတ်ဆက်ခြင်း တို့ကို မြန်မာနိုင်ငံ ပဲ၊ နှမ်း လုပ်ငန်းရှင်များ အသင်းနှင့်ပူးပေါင်းကာ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

အဆိုပါပွဲတွင် ပြည်တွင်းမှ လုပ်ငန်းရှင်များကို ပါဝင်ပြသရန် ဖိတ်ခေါ်ထားပြီး စိတ်ပါဝင်စားပါက မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ဖုန်း-ဝ၁-၂၅၄ဝ၂၄ သို့ ဆက်သွယ်စုံစမ်း နိုင်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment