Pages

Thursday, December 28, 2017

ရန်ကုန်မြို့ရှိ အောင်ဆန်းအားကစားကွင်းကို နိုင်ငံတကာပြိုင်ပွဲများ လက်ခံကျင်းပနိုင်ရန် အကြီးစားပြင်ဆင်မှုများ ပြုလုပ်မည်



ရန်ကုန် ၂၈-၁၂-၂ဝ၁၇

ရန်ကုန်မြို့ရှိ သက်တမ်းရင့် အားကစားကွင်း တစ်ကွင်းဖြစ်သည့် အောင်ဆန်း အားကစားကွင်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က နိုင်ငံတကာပြိုင်ပွဲများ လက်ခံကျင်းပနိုင်ရန်အတွက် အကြီးစား ပြင်ဆင်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် အမျိုးသမီး လိဂ်ကော်မတီ ဥက္ကဋ္ဌ ဦးလှဌေးထံမှ သိရသည်။

ရန်ကုန်မြို့တွင် နိုင်ငံတကာပြိုင်ပွဲများ လက်ခံကျင်းပနိုင်ရန် အားကစားကွင်းများ အနေဖြင့် သုဝဏ္ဏအားကစားကွင်းနှင့် အောင်ဆန်းအားကစားကွင်း တို့ရှိနေသော်လည်း နိုင်ငံတကာပြိုင်ပွဲများကို သုဝဏ္ဏအားကစားကွင်း တစ်ခုတည်းတွင်သာ ကျင်းပနေရသောကြောင့် အောင်ဆန်းအားကစား ကွင်းကိုလည်း နိုင်ငံတကာပြိုင်ပွဲများ ကျင်းပနိုင်ရန် အဆင့်မြှင့်တင်ရန် စီစဉ်နေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အမျိုးသမီးလိဂ် ကော်မတီဥက္ကဋ္ဌ ဦးလှဌေးက"အောင်ဆန်းအားကစားကွင်းကို အကြီးစားပြင်ဆင်ဖို့ဆောင် ရွက်နေတယ်ဆိုတာ ဟုတ်ပါတယ်။ သူတို့က ကွင်းကိုပြန်သိမ်းတာမဟုတ်ဘဲ ကွင်းပြုပြင်ဖို့ ခဏပြန်ယူတဲ့ သဘောပါ။ ဒီကွင်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကအကုန်ကျခံပြီး ပြုပြင်မှာ ဖြစ်ပါတယ်။ အဆင့်တိုးမြှင့် ပြင်ဆင်ပြီးတာနဲ့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကို နှစ်ရှည်ပြန်လည် ငှားရမ်းမှာဖြစ်ပါတယ်"ဟု ပြောပြသည်။

၂ဝ၁၈ ခုနှစ် ပြည်တွင်းပွဲစဉ်များ ဖြစ်သည့် မြန်နေရှင်နယ်လိဂ်၊ မြန်မာနေရှင်နယ်လိဂ်-၂၊ လူငယ်ပြိုင်ပွဲများနှင့် အမျိုးသမီးလိဂ်ပြိုင်ပွဲများ ထည့်သွင်းကျင်းပ မည်ဖြစ်သောကြောင့် ၂ဝ၁၈ခုနှစ် နှစ်ကုန်ပိုင်းမှသာ အောင်ဆန်း အားကစားကွင်းကို ပြင်ဆင်ဖွယ်ရှိသည်။

ထို့ပြင် KBZ Bank Women's League 2017-2018ပြိုင်ပွဲ၏ ပွဲစဉ်များအားလုံးကို အောင်ဆန်းအား ကစားကွင်းတွင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment