Pages

Tuesday, September 26, 2017

မျိုးဆက်သစ်ထူးချွန် လူငယ်မောင်မယ်များနှင့် စစ်သည်များ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံ လေ့လာရေးခရီးစဉ်မှ ပြန်လည်ရောက်ရှိ



ရန်ကုန် ၂၆-၉-၂၀၁၇

နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်သော လူ့စွမ်းအားအရင်းအမြစ်များ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် တပ်မတော်အနေဖြင့်လည်း နိုင်ငံတော်၏ ပညာရေးကဏ္ဍ မြှင့်တင်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်
အကူပြုနိုင်ရန် တပ်မတော်သားများနှင့် တပ်မတော်သား မိသားစုဝင်များ ပညာရည်မြှင့်တင်ရေးကို အလေးထားဆောင်ရွက် လျက်ရှိရာ မျိုးဆက်သစ်ထူးချွန် လူငယ်မောင်မယ်များ နှင့်စစ်သည်များ နိုင်ငံတကာဗဟုသုတ
တိုးပွားစေရန်၊ နိုင်ငံတကာယဉ်ကျေးမှုနှင့် အသိပညာများ လေ့လာသိရှိနိုင်စေရန်အတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်မှုဖြင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံနှင့် ကိုရီးယား
သမ္မတနိုင်ငံတို့သို့ လေ့လာရေးခရီးစဉ် စီစဉ်ဆောင်ရွက် ပေးခဲ့သည်။

အဆိုပါလေ့လာရေး အဖွဲ့သည် စက်တင်ဘာ ၁၉ ရက်မှ ၂၂ ရက်အထိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံရှိ အထင်ကရနေရာ များဖြစ်သော ဘေဂျင်းနည်းပညာ တက္ကသိုလ်၊ နော်ရင်ကို ကုမ္ပဏီပြခန်း၊ မဟာတံတိုင်းကြီးနှင့် တရုတ်
ရှေးဟောင်းနန်းတော် အစရှိသည့်နေရာများအား သွားရောက်လေ့လာ ခဲ့ကြသည်။

အလားတူ စက်တင်ဘာ ၂၂ ရက်မှ ၂၅ ရက်အထိ ကိုရီးယားသမ္မတနိုင်ငံရှိ အထင်ကရ နေရာများဖြစ်သော နမ့်စန်းမျှော်စင်၊ ကင်ဂျပြုလုပ်သည့်ကျောင်း၊ Pan-Pacific ကုမ္ပဏီ၊ Everland အပန်းဖြေဥယျာဉ်၊ ကိုရီးယားရှေးဟောင်း နန်းတော်နှင့် Hongik တက္ကသိုလ်တို့သို့လည်း သွားရောက်လေ့လာ ခဲ့ကြကြောင်း သိရသည်။

မျိုးဆက်သစ်ထူးချွန် လူငယ်မောင်မယ်များနှင့် စစ်သည်များ လေ့လာရေးအဖွဲ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) တပ်မတော်မှတ်တမ်း ညွှန်ကြားရေးမှူးရုံးမှ ဗိုလ်မှူးကြီးစိုးလွင် ဦးဆောင်သော စစ်မှုထမ်းဆဲ၊စစ်မှုထမ်းဟောင်း မိသားစုဝင် သား၊ သမီးများမှ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီး နိုင်ငံတော်အဆင့် ဘက်စုံပညာထူးချွန်လူငယ် ရွေးချယ်ခံရသည့် ကျောင်းသား၊ ကျောင်းသူရှစ်ဦး၊ အမှတ်အများ ဆုံးရရှိသော ကျောင်းသား၊ ကျောင်းသူ ၂၂ ဦး၊ ဂုဏ်ထူးဖြင့်အောင်မြင်သော စစ်သည်နှစ်ဦး၊ ကျောင်းအုပ်ကြီး၊ ကျောင်းအုပ်ချုပ်မှု တာဝန်ခံနှစ်ဦးအပါအဝင် စုစုပေါင်း အဖွဲ့ဝင် ၃၇ ဦးပါဝင်လျက် စက်တင်ဘာ ၂၅ ရက် ညပိုင်းတွင် လေကြောင်း ခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြရာ ရန်ကုန်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် တင်စန်းနိုင်နှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ တာဝန်ရှိသူများ၊ ထူးချွန်ကျောင်းသား၊ ကျောင်းသူများ၏ မိဘဆွေမျိုးများက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက် ခဲ့ကြကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment