Pages

Tuesday, September 26, 2017

၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ခဲ့သည့် ကျောင်းသားကျောင်းသူများ ပညာသင်ထောက်ပံ့ကြေး လျှောက်ထားနိုင်



ရန်ကုန် ၂၆-၉-၂၀၁၇

၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်တွင် ကျင်းပခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့သည့် မည်သည့်ကျောင်းသား၊ ကျောင်းသူမဆို ပညာသင်ထောက်ပံ့ကြေး လျှောက်ထား နိုင်ပြီဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် ကျောင်းသား ရေးရာနှင့် ကျောင်းဆောင်ရေးရာ များဌာနမှ သိရသည်။

ပညာသင်ထောက်ပံ့ကြေး လျှောက်ထားရာတွင် မိဘနှစ်ပါးနှင့် လျှောက်ထားသူသည် မြန်မာနိုင်ငံသားဖြစ်ရန်လိုပြီး လျှောက်လွှာတွင် မိဘအုပ်ထိန်းသူက လက်မှတ်ရေးထိုး၍ မိမိတက်ရောက်ခဲ့သော အခြေခံပညာအထက်တန်း ကျောင်း၊ အောင်မြင်ခဲ့သည့်ခုနှစ်၊ စာမေးပွဲဖြေဆိုခဲ့သည့် စာစစ်ဌာန၊ခုံအမှတ်၊ မိဘအမည်၊ နေရပ်လိပ်စာများကို ပြည့်စုံစွာဖော်ပြ ရမည်ဖြစ်သည်။

''တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာတွေ တင်ထားပြီးပြီ။ လာမယ့်လလောက်မှာ ကိုယ်ရရှိတဲ့ အထူးပြုဘာသာရပ်၊ ကိုယ်တက်ရမယ့် တက္ကသိုလ်တွေကိုသိရမှာပါ။ အဲဒီအချိန်ကျမှ ပညာသင်ထောက်ပံ့ကြေး လျှောက်ရမှာပါ''ဟု အဆင့်မြင့်ပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပညာသင်ထောက်ပံ့ကြေး လျှောက်လွှာတွင် လူမျိုး၊ ကိုးကွယ်သည့် ဘာသာများ ထည့်သွင်းဖော်ပြရမည့်အပြင် မိဘများတွင် အိမ်ထောင်ဆက်ရှိ၊ မရှိကိုပါ ထည့်သွင်းရေးသား ရမည်ဖြစ်ပြီး မိမိ မိသားစုတွင် ရှိသည့်ကျောင်းသား ဦးရေနှင့် တက္ကသိုလ်တက်ရောက်နေသူ၊ အခြေခံပညာ တက်ရောက်နေသူဟူ၍ ခွဲခြားဖော်ပြရန် လိုအပ်ကြောင်း သိရသည်။

အဆိုပါလျှောက်လွှာများကို မိမိနေထိုင်သည့် သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးရုံးများ၌ ၂ဝ၁၈ ခုနှစ် မတ် ၃၁ ရက် ထက်နောက်မကျစေဘဲ ပေးပို့ရမည်ဖြစ်ပြီး ပညာသင်ထောက်ပံ့ကြေး ရရှိပါက ပြန်လည်အကြောင်းကြား မည်ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment