Pages

Monday, September 25, 2017

တိုင်းတာရေးရေယာဉ် ငယ်သုံးစင်း လွှဲပြောင်းပေးအပ်



ရန်ကုန် ၂၅-၉-၂၀၁၇

ကမ္ဘာ့ဘဏ်ချေးငွေ အကူအညီဖြင့် ဝယ်ယူသော တိုင်းတာရေး ရေယာဉ်ငယ်သုံးစင်း လွှဲပြောင်းပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ အောက်ပုဇွန်တောင်လမ်းရှိ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုး
တိုးတက်ရေးဦးစီးဌာနရုံး ဆိပ်ခံတံတား၌ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က အမှာစကား ပြောကြားသည်။

ယင်းနောက် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဌာနဆိုင်ရာ တာဝန်ရှိသူများက ဧရာဝတီမြစ်ဝှမ်းဘက်စုံ စီမံခန့်ခွဲမှုစီမံကိန်း ဆောင်ရွက်နေမှုလုပ်ငန်း အခြေအနေများ၊ ရေယာဉ်သစ်သုံးစင်းဝယ်ယူမှု အခြေအနေများနှင့် အသုံးပြုသွားမည့် ကိစ္စရပ်များအား ရှင်းလင်းပြောကြားသည်။

ထို့နောက် SEMAS Myanmar Manufacturing ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ရေယာဉ်နှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ဦးထံ လွှဲပြောင်း ပေးအပ်သည်။

''ဒီနေ့ လွှဲပြောင်းလက်ခံလိုက်တဲ့ တိုင်းတာရေးရေယာဉ်ငယ် သုံးစင်းဟာ ကမ္ဘာ့ဘဏ်ရဲ့ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း တွေနဲ့အညီ လိုက်နာဆောင်ရွက်ပြီး ဝယ်ယူထားတာပါ။ ဒီအမြန်ရေယာဉ်တွေကို ဧရာဝတီမြစ်ရဲ့ ဘက်စုံစီမံကိန်း လုပ်ငန်းတွေ ဖြစ်တဲ့သောင်တူး လုပ်ငန်းတွေနဲ့ မြစ်ကမ်းပါး ထိန်းသိမ်းရေး လုပ်ငန်းတွေမှာ လိုအပ်တဲ့ အကူအညီတွေ ပေးနိုင်မှာဖြစ်လို့ လုပ်ငန်းခွင်မှာ ယခင်ထက် အချိန်ကုန်သက်သာစေပြီး မြန်ဆန်ထိရောက် စေမှာပါ''ဟု ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောသည်။

ထိုအမြန်ရေယာဉ် ငယ်သုံးစင်းအား ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် ကီလိုမီတာ ၂ဝဝ ရှည်လျားသည့် မန္တလေး-ညောင်ဦး မြစ်ကြောင်း တစ်လျှောက်တွင် ရေလမ်းပြအမှတ်အသားများ စစ်ဆေး နိုင်ရေးနှင့် အခြားမြစ်ကြောင်း ထိန်းသိမ်းရေး လုပ်ငန်းများတွင် ထည့်သွင်း အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment