Pages

Tuesday, June 6, 2017

မန္တလေးမြို့တွင်း အမှိုက်ကန်ပြည့်လျှံမှုများ အတွက်မိုဘိုင်းကားများဖြင့် ဖြေရှင်းဆောင်ရွက်ပေးသွားမည်



မန္တလေး ၆-၆-၂၀၁၇

မန္တလေးမြို့တွင်းရှိ အမှိုက်ကန်အများ စုတွင်ကန်များပြည့်၍ လျှံကျနေမှုများကို သိမ်းဆည်းရန်အတွက် မိုဘိုင်းအမှိုက်သိမ်းကား ၁ဝစီး ဖြည့်တင်းဆောင်ရွက် လျက်ရှိသည်ဟု စည်ပင်သာယာရေးကော်မတီ ရေနှင့်သန့်ရှင်းမှုဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြ၍ သိရသည်။

၎င်းအစီအစဉ်ကို ယနေ့မှ စတင်ဆောင်ရွက် လျက်ရှိပြီး ပြည့်နေသော အမှိုက်ကန်များ သိမ်းဆည်းရန်အတွက် တယ်လီဖုန်းဆက်ရုံဖြင့် သွားရောက် သိမ်းဆည်းမည်ဖြစ်ကာ ဆက်လက်၍လည်း မိုဘိုင်းယာဉ်များ ထပ်မံတိုးမြှင့် လုပ်ဆောင်သွားရန် ရှိကြောင်း သိရသည်။

မြို့နယ်များအလိုက် ယာဉ်များခွဲဝေချထားပြီး လုပ်ငန်းစတင်သည့်ရက်မှာပင် တယ်လီဖုန်းဆက် အကူအညီတောင်းခံမှုများစွာ ရရှိခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

''အခုအစီအစဉ်ကြောင့် အားလုံး မဟုတ်တောင် ပြည့်လျှံနေတဲ့ အမှိုက်ကန်တွေကို သိမ်းဆည်းပေးနိုင်မယ် လို့ထင်ပါတယ်'' ဟု၎င်းက ဆက်လက် ပြောပြသည်။

လက်ရှိ သိမ်းဆည်းနေသော ယာဉ်များမှာ အများစုက ကန်ကြီးများကို သိမ်းဆည်းနိုင် ခြင်းမရှိသဖြင့် အမှိုက်ကင်းစင်ရေးတွင် လိုအပ်ချက်များ ရှိခဲ့သော်လည်း ယခုအစီအစဉ်အရ မြို့တွင်း မြို့နယ်အများစုကို သိမ်းဆည်း နိုင်သည့် အခြေအနေရှိကြောင်း သိရသည်။

လူထုပါဝင်သော အမှိုက်ကင်းစင်ရေး ဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင်မှုများစွာ လိုအပ်နေပြီး ရပ်ကွက်တာဝန် ရှိသူများနှင့် လူမှုရေးအဖွဲ့အစည်းများ၏ အသိပေးတိုင်ကြားမှုများ ပါဝင်ပါက ပိုမိုလွယ်ကူနိုင်ကြောင်း ၎င်းကပြောပြသည်။

မန္တလေးမြို့တွင် နေ့စဉ်အမှိုက်တန်ချိန် ၉ဝဝ ကျော်ထွက်ရှိနေကာ အများစုမှာ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများ ဖြစ်နေပြီး လက်ရှိအချိန်တွင် ပိုင်းလော့ပရောဂျက် နယ်မြေများ သတ်မှတ်၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

မိုဘိုင်း မော်တော်ကားများကို မြို့နယ်အလိုက် ခွဲဝေချထားပြီး အမှိုက်သိမ်းဆည်းရန် အတွက် တယ်လီဖုန်းအမှတ် ဝ၉-၂ဝဝဝ၃၁၄ သို့ ဆက်သွယ်ပြောကြား နိုင်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment