Pages

Tuesday, June 6, 2017

မန္တလေးမြို့ကျုံးဘေးတွင် အရှိန်နှုန်း တိုင်းကိရိယာများဖြင့် သတ်မှတ်မိုင်နှုန်းထက် ကျော်လွန်မောင်းနှင်သည့် ကားများစစ်ဆေး



မန္တလေး ၆-၆-၂၀၁၇

မန္တလေးမြို့ ကျုံးဘေးတွင် အရှိန်နှုန်းတိုင်း ကိရိယာများဖြင့် သတ်မှတ်မိုင်နှုန်းထက် ကျော်လွန်မောင်းနှင်သည့် ကားများကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြကြောင်း အမှတ်(၈၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (ပုသိမ်ကြီး) မှ သိရသည်။

မန္တလေးမြို့ ၆၆လမ်း အမျိုးသား ဇာတ်ရုံရှေ့တွင် ယနေ့ နံနက် ၉နာရီမှ စတင်၍ အရှိန်နှုန်းတိုင်း ကိရိယာများဖြင့် စမ်းသပ်တိုင်းထွာ၍ သတ်မှတ်မိုင်နှုန်းထက်ကျော်လွန် မောင်းနှင်လာသည့် ကားများကို ရပ်တန့်ကာစစ်ဆေး၍ အသိပညာပေးမှု ပြုလုပ်ခဲ့ကြကြောင်း အမှတ်(၈၆) ယာဉ်ထိန်း ရဲတပ်ဖွဲ့စု (ပုသိမ်ကြီး) ရဲအုပ်အောင်ကျော်မိုးက ပြောပြသည်။

''အရေးယူတာကိုတော့ မလုပ်သေးပါဘူး။ အခုအချိန်မှာတော့ အသိပညာပေးတာပဲ လုပ်ပါသေးတယ်။ လကုန်ပိုင်းကနေစပြီးမှပဲ အရေးယူတာလုပ်သွားမှာပါ။ အရှိန်နှုန်းတိုင်းကိရိယာ နဲ့ကျွန်တော်တို့ စစ်ဆေးချင်တဲ့ကားကို ချိန်ပြီးတော့ စစ်ဆေးတာပါ။ သတ်မှတ်မိုင်နှုန်းထက် ကျော်လွန်နေတယ် ဆိုရင်တော့ ရပ်တန့်ပြီး စစ်ဆေးမှုတချို့ ပြုလုပ်ပြီး အသိပညာပေးမှုတွေ လုပ်ဆောင်ပါတယ်''ဟု ၎င်းက ဆက်လက်ပြောပြသည်။

အဆိုပါ သတ်မှန်အရှိန်နှုန်း (မြို့တွင်း ၄၈ကီလိုမီတာထိသာ) ထက်ကျော်လွန် မောင်းနှင်သည့် ကားများ စစ်ဆေးမှုကို ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်အင်အား ဦးရေ ၄ဝကျော်ဖြင့် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကာ ဆက်လက်၍ ၃၅လမ်း၊ ၇၈လမ်း စသည့်လမ်းမကြီးများတွင် ဆက်လက်စစ်ဆေးမှုများ ပြုလုပ်သွားရန် လည်းရှိကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment