Pages

Monday, February 27, 2017

ငါန်းဇွန်ဒေသထွက် မြေဖြူများကို ဒေသအကျိုးရှိစေရန် အတွက် တိုင်းဒေသကြီး အစိုးရထံ တင်ပြထား



ငါန်းဇွန် ၊ ၂၇-၂-၂၀၁၇

မန္တလေးတိုင်း ဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် အနောက်တော ကျေးရွာအနီးမှ ထွက်ရှိသော မြေဖြူများကို ဒေသအကျိုး ရှိစေရန် အတွက် တိုင်းဒေသကြီး အစိုးရထံ တင်ပြထား ကြောင်း ငါန်းဇွန် မြို့နယ် မဲဆန္ဒနယ် အမှတ် (၂)မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် တိုင်းဒေသကြီး သဘာဝနှင့် သယံဇာတ ထိန်းသိမ်းရေး ကော်မတီ အဖွဲ့ဝင် ဦးကျော်စိုးနိုင် ၏ ပြောပြချက် အရသိရသည်။ 

အဆိုပါ မြေဖြူများကို ကြွေပန်းကန်၊ ကြွေပန်းကန်ပြားနှင့် အလှဆင် ကြွေပြားများ ထုတ်လုပ်ရာတွင် အသုံးပြုပြီး ကုမ္ပဏီကြီး နှစ်ခုမှ ရသလောက် ထုတ်ယူနေ ကြောင်းသိရသည်။ 

''ကျွန်တော်တို့ ဒေသမှာက မြေဖြူပဲ  အဓိက သယံဇာတ အဖြစ်ထွက်တာပါ။ အခြား ထွက်တဲ့ ပစ္စည်းတွေက နည်းပါတယ်။ အဲဒါကို ဒေသအတွက် အကျိုးမရှိ ဖြစ်မှာစိုးလို့ပါ။ ဒေသအတွက် အထိမ်းအမှတ် တစ်ခုဖြစ်ဖို့လို သလို ဒေသအတွက် လဲ အကျိုးရှိဖို့ လိုအပ် ပါတယ်''ဟု မန္တလေးတိုင်း ဒေသကြီး သဘာဝ နှင့်သယံဇာတ ထိန်းသိမ်းရေး ကော်မတီ အဖွဲ့ဝင် ဦးကျော်စိုးနိုင် ထံမှသိရသည်။ 

အဆိုပါ ထုတ်ယူနေမှု၏ ထုတ်လုပ်ခွင့် ပမာဏနှင့် နိုင်ငံတော်သို့ ပေးသွင်းထားသော အခွန်အခများကို ဒေသခံ အုပ်ချုပ်ရေး  အာဏာပိုင်များက မသိရှိဘဲ ရသလောက် တူးဖော် နေခြင်းဖြစ်ပြီး တူးဖော် ရာတွင်လဲ စည်းကမ်း သတ်မှတ်ချက် များမရှိဘဲ တူးဖော် နေသောကြောင့် အဆိုပါ မြေဖြူကျင်းများ အတွင်းသို့ ဒေသခံများ၊ ကျွဲ၊နွားတိရစ္ဆာ န် များပြုတ်ကျ သေဆုံးမှုများ ရှိခဲ့ကြောင်း သိရသည်။

မြေဖြူ ထွက်သော မြေဧရိယာသည် ငါန်းဇွန်မြို့၏ အနောက်တောင်ဘက် ရှစ်မိုင်ခန့် အကွာတွင် တည်ရှိပြီး အကျယ်အဝန်း ဧက ၃ဝကျော်နှင့် အနက်ပေ ၅ဝကျော်အထိ မြေဖြူများသာ တူးဖော်ရရှိ ကြောင်း သိရသည်။ 
မြေဖြူထုတ်ယူ မှုပြုလုပ် ရာတွင် သတ်မှတ်ဧရိယာ အတိုင်းအတာ အမှတ်အသား တိုင်များ စိုက်ထူထား မှုမရှိခြင်း သတ်မှတ်ချက် စည်းကမ်းများ အတိုင်း တူးဖော်မှု မရှိခြင်း ပြန်လည် မြေဖို့ထားမှုများ မရှိခြင်း တို့ကြောင့် အဆိုပါကုမ္ပဏီ များ၏ ကုန်ကျစရိတ် ဖြင့် စည်းကမ်းချက် များအတိုင်း ဧရိယာတိုင်များ စိုက်ထူရန်၊ စည်းကမ်းများ အတိုင်း တူးဖော်ရန်နှင့် ပြန်လည်မြေဖို့ ရန်တို့ကို မန္တလေးတိုင်း ဒေသကြီး သတ္တုတွင်း ဦးစီးဌာနရုံးခွဲက ကုမ္ပဏီများသို့ အကြောင်းကြား ထားကြောင်း သိရသည်။

အဆိုပါ ကုမ္ပဏီများ အနေဖြင့် ဖေဖော်ဝါရီ ၁၈ရက်က သက်တမ်း ကုန်ဆုံးသွားပြီ  ဖြစ်သောကြောင့် ဆက်လက် သက်တမ်းတိုး ဆောင်ရွက်မည် ဆိုပါက ရေရှည်တွင် ဒေသခံ များနှင့် မလိုလားအပ်သည့် ပြဿနာများ မဖြစ်ပွား စေရေးဒေသခံများ အတွက် ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် နှင့်လစဉ် ထုတ်လုပ် မှုရောင်းချမှု နှင့်အခွန်အခ ပေးသွင်းပြီးကြောင်း အစီရင်ခံစာများ ကိုပေးပို့ အကြောင်း ကြားရန် မန္တလေးတိုင်း ဒေသကြီး သတ္တုတွင်း ဦးစီးဌာန ရုံးခွဲက ကုမ္ပဏီများသို့ အကြောင်းကြား ထားကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment