Pages

Tuesday, February 7, 2017

စစ်ကိုင်းမြို့ရှိ ဘုန်းတော်ကြီးကျောင်း များနှင့် သီလရှင်ကျောင်းများသို့ ပြည်ပခရီးသွားများ လာရောက် လေ့လာမှုများပြား



စစ်ကိုင်း ၊ ၇-၂-၂၀၁၇

မြန်မာနိုင်ငံ၏ ရေမြေတောတောင် သဘာဝ၊ ရှေးဟောင်းစေတီ ပုထိုးများနှင့် လူနေမှု ဓလေ့စရိုက်များ၊ ယဉ်ကျေးမှု အမွေအနှစ် လက်ရာများကို ကမ္ဘာလှည့် ခရီးသွားများ အထူး စိတ်ဝင်စားလျက် ရှိရာ ယခုအခါ စစ်ကိုင်းမြို့ရှိ ဘုန်းတော်ကြီး ကျောင်းများနှင့် သီလရှင် စာသင်ကျောင်း များသို့လည်း လာရောက် လေ့လာမှု များပြားလျက်ရှိကြောင်း သိရသည်။

''နိုင်ငံခြားသား ခရီးသွား ဧည့်သည်တွေ ဆရာလေးတို့ကျောင်းကို နေ့စဉ်လာရောက် လေ့လာကြပါတယ်။ ဆရာလေးတို့ ကျောင်းမှာက သီလရှင်ဆရာကြီး၊ ဆရာလေး စုစုပေါင်း ၁၈၅ ပါး ရှိပါတယ်။ သီလရှင် စာသင်ကျောင်း ဆိုတော့ ဆရာလေးတွေ ဆွမ်းစားကြွချိန်၊ စာသင်ချိန်၊ စာကျက်ချိန် တွေမှ အများဆုံးလာရောက် လေ့လာကြပါတယ်။ ဆရာလေး တို့ကလဲ လေ့လာခွင့် ပေးထားတယ်။ ကျောင်းတိုက် အတွင်းမှာက သကျမုနိစေတီ တော်ကြီးနဲ့ ရန်အောင်မြင် နှီးဘုရားကြီးလဲ ရှိတော့ ဘုရားဖူး ပြည်သူတွေ၊ လာရောက် လေ့လာသူတွေနဲ့ နေ့စဉ်စည်ကား နေပါတယ်'' ဟု စစ်ကိုင်းမြို့ နန်းဦးမြို့သစ်ရှိ သကျဓီတာ သီလရှင် စာသင်တိုက်မှ တိုက်အုပ် ဆရာကြီး ဒေါ်ကုသလဝတီ က မြွက်ကြားသည်။

''ကျွန်မတို့အဖွဲ့မှာ တရုတ် နိုင်ငံသားခရီးသွား ၁၈ ယောက်ပါတယ်။ မနေ့က မန္တလေးမြို့က အထင်ကရ နေရာတွေ လှည့်လည် လေ့လာခဲ့ပြီး ဒီနေ့ စစ်ကိုင်းမြို့က ဘုန်းတော်ကြီး ကျောင်းတွေနဲ့ သီလရှင် စာသင်ကျောင်းတွေ လေ့လာချင်တယ် ဆိုလို့ လိုက်ပို့ပေးတာပါ။ ဘုန်းတော်ကြီး ကျောင်းတွေကိုတော့ လေ့လာခဲ့ ပြီးပါပြီ။ စစ်ကိုင်းမြို့က မိဘမဲ့စာသင်ကျောင်း တွေမှာလဲ ကျွန်မတို့အဖွဲ့ စုပေါင်းပြီး စာအုပ်တို့၊ ဘောပင်တို့ လှူဒါန်းခဲ့ပါတယ်''ဟု မန္တလေးမြို့မှ ခရီးသွား ဧည့်လမ်းညွှန် မဖူးဖူး က ပြောပြ၍ သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂၄)

No comments:

Post a Comment