Pages

Wednesday, February 1, 2017

၁၀၀ ရာခိုင်နှုန်း အနက်ရောင်စတေကာ ကပ်ထားသည့်ယာဉ်များကို စီမံချက်ဖြင့် ဖမ်းဆီးအရေးယူမည်



ရန်ကုန် ၊ ၁-၂-၂၀၁၇

ရန်ကုန်တိုင်းဒေသကြီး အတွင်း မောင်းနှင်လျက် ရှိသော ယာဉ်များ အနေဖြင့် နေပူဒဏ် ကာကွယ်ရန် မှန်များတွင် ကပ်ထားသည့် အနက်ရောင် ပါဝင်မှု ၆ဝ ရာခိုင်နှုန်း အထိ ရှိသော စတေကာများကို ကပ်ခွင့်ပြုထား သော်လည်း တချို့ယာဉ်ပိုင်ရှင် များသည် ၁ဝဝ ရာခိုင်နှုန်း ပါဝင်သည့် အနက်ရောင် စတေကာများကို ကပ်ထားခြင်းကြောင့် ဖေဖော်ဝါရီ လဆန်းပိုင်းမှ စ၍ အဆိုပါယာဉ် များကို စီမံချက်ဖြင့် ဖမ်းဆီး အရေးယူသွားမည် ဖြစ်ကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံး တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

''နေအရမ်းပူတဲ့ အခါမှာ နေရောင်ကြောင့် ရှေ့မြင်ကွင်းကို ကြည့်ဖို့ အခက်အခဲ ရှိပါတယ်။ ပြီးတော့ ယာဉ်ထဲမှာ တစ်နေ့လုံးနေပူ ခံရတော့ အရေပြား နေလောင်တဲ့ ပြဿနာ ရှိပါတယ်။ အဲဒါကြောင့် အနက်ရောင် ၄ဝ ရာခိုင်နှုန်းမှ ၆ဝ ရာခိုင်နှုန်းအထိ ပါတဲ့ စတေကာတွေကို ကားတွေမှာ တရားဝင် ကပ်ခွင့်ပေးထား ပါတယ်။ ဒါပေမဲ့ တချို့ယာဉ်မောင်း တွေက အခွင့်ကောင်းယူပြီး အနက်ရောင် ၁ဝဝ ရာခိုင်နှုန်း ပါတဲ့ စတေကာတွေ ကို ကပ်လာကြပါတယ်။ 

ဒီလို တပ်ဆင်ထားတဲ့ ကားတွေထဲမှာ မလိုလားအပ်တဲ့ အမှုအခင်း တွေရှိလာမှာ စိုးလို့ ဖမ်းဆီးစစ်ဆေး ရခြင်း ဖြစ်ပါတယ်'' ဟု ၄င်းက ပြောသည်။

အမှတ်(၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံးမှ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အနက်ရောင် ၁ဝဝ ရာခိုင်နှုန်း ပါဝင်သည့် စတေကာ များကို စက်များ အသုံးပြု၍ တိုင်းတာစစ်ဆေး ဖမ်းဆီးသွားမည် ဖြစ်ပြီး ဖမ်းဆီးခံရသည့် ယာဉ်ပိုင်ရှင်များကို ငွေဒဏ်ချမှတ် အရေးယူ သွားမည် ဖြစ်သည်။

ထို့ပြင် အနက်ရောင် မဟုတ်ဘဲ တခြား အရောင်ပြန်များ ပါဝင်သည့် စတေကာများ ကပ်ထားသည့် ယာဉ်များကိုလည်း စီမံချက်ဖြင့် ဖမ်းဆီးအရေးယူ သွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃)

No comments:

Post a Comment